ဩဂုတ်−၂၆၊ ၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်မြို့တွင် လက်ကျန်တပ်စခန်းများအားလုံး သိမ်းပိုက်နိုင်ရေး KIAပူးပေါင်းတပ်က ကြိုးပမ်းနေသလို စစ်ကောင်စီတပ်ကလည်း ယခင် ဆုံးရှုံထားသည့် နေရာများ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရာ အပြန်အလှန် ထိုးစစ်ဆင်မှုနှင့်အတူ တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေသည်ဟု ဆိုသည်။
” ဗန်းမော်ဘက်တော့ တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ ရက်ရက်စက်စက် ပြင်းထန်တယ်နော်။ ဒီနေ့လည်း လေကြောင်း ပစ်ကူ က ၁၃ကြိမ်ရှိတယ်။ စကခ(၂၁) ဝန်းကျင်မှာပဲ။ စကခ(၂၁)နဲ့ ၂၃၆၊ သံချပ်ကာ တပ်ရင်း အဲဒီနားတ၀ိုက်မှာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ခလရ(၂၃၆)တပ်ရင်းနှင့် သံချပ်ကာတပ်ရင်းကို KIAက ယခင်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
” အဓိကတော့ စခတွေထိုးစစ်ဆင်လာတာပေါ့။ စခတွေ ထိုးစစ်ဆင်လာတာကို ကျနော်တို့ဘက်က သူတို့ကို ပြန်၀ိုင်းတာ။ အဲဒီလို ဖြစ်ပြီး တိုက်ပွဲဖြစ်တာ။ ဒီနေ့ တနေကုန်ပဲ အကြီးအကျယ်ပဲ။ စခတွေဘက်က အထိနာတာ တော်တော်များတယ်။ အခု ညနေ ၄နာရီခွဲလောက် ငြိမ်သွားပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဩဂုတ် ၂၅ရက်က ဗန်းမော်မြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိခဲ့ပြီး သေဆုံးစစ်ကောင်စီတပ်သား အလောင်းများ ရိုက်ကူးထားသည့် ရုပ်သံကို ယနေ့ ဩဂုတ် ၂၆ရက်တွင် လူမှုကွန်ရက်၌ ဖော်ပြမှုများရှိခဲ့သည်။ တဖက်တွင်လည်း စစ်ကောင်စီ ဝါဒဖြန့်သူအချို့ကလည်း ခလရ(၂၃၆)တပ်ရင်း တိုက်ပွဲတွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ရုပ်သံကို ဝါဒဖြန့်ဖော်ပြလျက်ရှိသည်။
ဗန်းမော်မြို့အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။
စစ်ကောင်စီတပ်သည် ယခုနှစ် ဩဂုတ်လဆန်းတွင် ဗန်းမော်မြို့သို့ စစ်ကူသင်္ဘောများ ဆိုက်ကပ်နိုင်ပြီးနောက် ဗန်းမော်မြို့တိုက်ပွဲ မြေပြင်ထိုးစစ်၊ လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု၊ ဒရုန်း တိုက်ခိုက်မှုများ အလုံးအရင်း ပြုလုပ်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
