သြဂုတ်-၂၆၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
ကရင်ပြည်နယ်၊မြဝတီမြို့မှာစစ်ကောင်စီရဲ့ရာအိမ်မှူးကိုဆဲဆိုတဲ့အရပ် သားတဦး ဖမ်းဆီးခံရပြီး တရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ အဆိုပါမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံအချို့ရဲ့ပြောဆိုချက်တွေအရဆိုင်ကယ်ကယ်ရီမောင်းတဲ့ ကိုမိုးဝင်းဆိုသူက အရက်မူးပြီးစစ်ကောင်စီရဲ့ ရာအိမ်မှူးကို ဆဲဆိုရာ ရာအိမ်မှူးက ခေါ်ယူထိုးကြိတ်ပြီး ဩဂုတ်၂၄ ရက် ည ၉ နာရီဝန်းကျင်မှာ အဖွဲ့အစည်းတခုဆီ ခေါ်ယူအပ်နှံခဲ့တာလို့ သိရပါတယ်။
အဲဒီအဖွဲ့အစည်းက ကိုမိုးဝင်း လာခေါ်ပြီး နောက်ရက် သြဂုတ် ၂၅ ရက်မနက်မှာ ကိုမိုးဝင်း သေဆုံးပြီဆိုတာ မိသားစုထံအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အသက်(၄၅)နှစ်အရွယ် ကိုမိုးဝင်းရဲ့ရုပ်အလောင်းက မနေ့က(သြဂုတ် ၂၅ ရက်)က မြဝတီမြို့အမှတ် ၄ ရပ်ကွက်မြေနီကုန်းရပ်၊ ရတနာစံလမ်းက မိသားစုနေအိမ်ထံ ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ကိုမိုးဝင်းထံက တွေ့ရတဲ့ ဒဏ်ရာတွေအရ သာမန်သေဆုံးတာမျိုးမဟုတ်ဘဲ နှိပ်စက်ခံရ တာမျိုးလို့ မြို့ခံတွေက မှတ်ချက်ပြုပါတယ်။
” PC(၁၈)ဂိတ်ကအလောင်းလာအပ်တယ်လို့ ကြားတယ်။သေသူရဲ့မိသားစုကို အလောင်းဆေးရုံပို့ခိုင်းပြီး စစ်ဖို့ပြောတာမပို့ကြဘူးကြောက်လို့တဲ့။အခု ဖြစ်စဥ်မှာ အမှုဖွင့်ပြီး ရာအိမ်မှူးအရင်ဖမ်းရမှာ။တကယ်ဆို မူးရင်ဆဲရင်ရဲစခန်းပို့လေ”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
နောက်ထပ်မြဝတီဒေသခံတဦးကလည်း”ပုံမှန်အခြေအနေဆို သေဆုံးသူမိသားစုကဥပဒေအရ ရဲကိုအမှုဖွင့်ရမယ်။ဒါမှသာလျင်ရဲက သူ့လုပ်ငန်းကိုဆောင်ရွက်မှာဖြစ်သလိုအလောင်းကိုဆေးရုံပို့ပြီးဆရာဝန်တွေရဲ့စစ်ဆေးချက်ရယူရမယ်။ဒါမှအမှုမှန်ကိုသိရမယ်။ဆိုးတာက မြဝတီမှာ စကစ ရဲဆိုတဲ့ကောင်တွေက အသုံးမှမဝင်တာ”လို့ ပြောပါတယ်။
PC(၁၈)ဂိတ်ဆိုတာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ KNU/KNLA Peace Council (ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ) တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်တဲ့ ဂိတ်လို့လည်း သိရပါတယ်။
ကိုမိုးဝင်းသေဆုံးတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး KNU/KNLA Peace Councilရဲ့ ပြန်ကြားရေးထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့ရာမှာ ရာသီဥတုကြောင့် ဖုန်းလိုင်းမကောင်းဘူးလို့ ဖုန်းလက်ခံ ဖြေကြားသူက ဆိုပါတယ်။
“ဖြစ်ပုံက မိုးဝင်းအရက်သောက် သောက်ကျန်းပြီး သူမိသားစု နဲ့ ရန်ဖြစ်ကြတယ်။ သူရဲ့ ညီအကို တွေနဲ့ ထိုးကြိတ်ကြပြီး ရာအိမ်မှူးကိုဆဲ မိုးဝင်းရဲမိခင်က ဖြေပေးတာ လူစိတ်မကပ်တော အမေကိုပါရိုက် စောင့်ကန်တယ်။ အဲလိုတွေဖြစ်တော့ ညီအကိုတွေက ထိုးကြိတ်ပြီး အိမ်ရှေ့မှာ လဲကျနေတာ ရာအိမ်မှူးက အဖွဲ့စည်းကို ထိန်းပေးပါဆိုပြီး ရာအိမ်မှူးကိုယ်တိုင် လိုက်အပ်ထားတာပါ။ အဖွဲ့စည်း ကခေါ်သွားတာ။ တွဲပြီး ကားပေါ် ချီတင်ရတယ်။ ချီချရတယ်။ ခေါ်သွားချိန်က လမ်းမရှောက်နိုင်ဘူး။ အဖွဲ့စည်း အပ်တော့ လက်ထိပ်ခပ်၊ ခြောက်ပေါက်ထည့်ရတာပေါ့။ မနက်မိုးလင်းလို့ သွားကြည့်မှ သေနေတာပါ”လို့ KNU/KNLA Peace Council အရာရှိ စောအောင်မြင့်ဦးက လူမှုကွန်ရက်က တဆင့် ဖြေရှင်းထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း မြဝတီမြို့ အမှတ်(၅) ရပ်ကွက်မှာ အသတ်ခံရပြီး စွန့်ပစ်ခံထားရတဲ့ အသက်(၂၀) အရွယ် အမျိုးသားအလောင်း တွေ့ရှိခဲ့ပါတယ်။
