■‘အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ’ မဖြစ်ဖို့ သတိပေး
သြဂုတ်-၂၆၊ ၂၀၂၅။ People’s Spring
စစ်တပ်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး လုံးဝလက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဥပဒကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိခြင်းနဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံးဝလက်မခံကြောင်း ဖော်ပြပါတယ်။

Public Service Announcement
“ထုတ်ပြန်ချက်မှာပါရှိတဲ့ အတိုင်း စစ်တပ်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တဲ့အတွက် အဲဒါကိုလုံးဝဂရုမစိုက်ဘဲ ကိုယ့်နယ်မြေထဲမှာလာလုပ်ရင်တော့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာအားလုံးကို ကျနော်တို့ဘက်က လုံးဝတာဝန်မယူပါဘူးခင်ဗျ”လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring ကို ပြောပါတယ်။
အဲဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း KNU က သတိပေးပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားခြင်းဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဖို့ မျက်ကွယ်ပြုခြင်းဖြစ်တယ်လို့လည်း KNU က ဆိုပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတား ဖြစ်စေမယ်လို့ KNU က ထပ်မံ သတိပေးပါတယ်။
ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒကို ပြန်လည်အသက်သွင်းတဲ့အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ခြင်းက ‘အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ’ ဖြစ်သွားနိုင်တာကြောင့် နည်းလမ်း ပေါင်းစုံသုံးကာ ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြဖို့ KNU က တိုက်တွန်းပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးပြည်သူလူထုတွေ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေး အင်အားစုတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်သော နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့လည်း KNU က တိုက်တွန်းပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေကို ဦးတည်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံမှုက ရရှိတဲ့ သဘောတူညီမှုနဲ့ ရေးဆွဲပြဌာန်းအတည်ပြုမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကသာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်မယ်လို့ KNU အနေနဲ့ အပြည့်အဝ ယုံကြည်တယ်လို့ ထုတ်ပြန်ပါတယ်။
