ဩဂုတ်−၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အသက်(၁၈)နှစ် မပြည့်သေး သော ကလေးသူငယ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးသို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်းမရှိစေရန်အတွက် ကွပ်ကဲမှုအဆင့်ဆင့်သို့ ညွှန်ကြားထားရာ ညွှန်ကြားချက်ကို လိုက်နာရန် ယနေ့ ဩဂုတ် ၂၉ရက်တွင် ထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ကွပ်ကဲမှုအဆင့်အားလုံးသည် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာနိုင်ရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းအသိပေးပြီး စစ်ဘက်ရေးရာဥပဒေနှင့်ထုံးတမ်းများကို လိုက်နာရသူများသည် အဆိုပါ ကိစ္စရပ်များအား ဖောက်ဖျက်ကျူးလွန်ပါက စစ်ဘက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စစ်ဆေးအရေးယူမှုကို ခံယူရမည်ဖြစ်ကြောင်း ဖော်ပြသည်။
စစ်အာဏာရှင် စနစ်ကြောင့် ရရာ လက်နက်စွဲကိုင်၍ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် ဒေသကာကွယ်ရေးအဖွဲ့ များအဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်သို့ ဝင်ရောက်၍ တပ်ရင်း/ တပ်ဖွဲ့များ အဖြစ်ကွပ်ကဲမှုခံယူသည့် လုပ်ငန်းစဉ်များတွင်လည်း အဆိုပါအဖွဲ့များ၌ လက်နက်ကိုင် ကလေးသူငယ် များ ပါဝင်လာပါက သတ်မှတ် စည်းမျဉ်းများနှင့်အညီ စိစစ်၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း၊ ဆွေးနွေးအသိပညာ ပေးခြင်းများ၊ ၎င်းတို့၏ ပညာသင်ကြားမှုအခွင့်အလမ်းများ ရရှိနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement
၂၀၁၉ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၂၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြဌာန်းချက်၊ ယင်းနှစ်၌ပင် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (Treaty Event 2019)၌ ချုပ်ဆိုခဲ့သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက် မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့မှု တို့အရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွင် အသက်မပြည့်သေးသည့် ကလေးသူငယ် များ ပါဝင်မှု မရှိစေရန် ဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း အသိပေးသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် (၁/၂၀၂၁)၊ အပိုဒ် (၃)တွင် Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာခြင်း ဟူသည့် စစ်ဘက်ဆိုင်ရာ တန်ဖိုး (Military Values) ကို လေးစား လိုက်နာရမည် ဟူ၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ကျင့်ဝတ်များ အပိုဒ် (၆)တွင် ကလေး သူငယ်များ၊ မသန် စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ စသည့် ထိရှလွယ် အုပ်စုများ (Vulnerable Groups) အား အထူးကာကွယ်စောင့်ရှောက်ပြီး လိုအပ်သည့် အကူအညီများ ပေးရမည် ဟူ၍ လည်းကောင်း ပါရှိသည်ဟု ဆိုသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် လက်နက်ကိုင် တိုက်ပွဲများအတွင်း ကလေးသူငယ်များအား အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များအတွက် လမ်းညွှန်ချက် အပိုဒ် (၃) အရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအပေါ် ချိုးဖောက်သည့် ဆိုးရွားသော အကြမ်းဖက်ခြင်း (၆) ချက် (Six Grave Violations)ကို မကျူးလွန် စေရန် အလေးထား၍ အထူးသတိပြု ရန် ဟူ၍ လည်းကောင်း ပါရှိကြောင်း အသိပေးသည်။
နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၄မတ်လ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ် ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၄) တွင်လည်း အမျိုးသမီး၊ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) နှင့် ကလေးများ အပေါ် ပြုမူဆက်ဆံခြင်းဆိုင်ရာ အပိုဒ် (၅)တွင် ကလေးများအပေါ် ကြီးလေးသည့် ကျူးလွန်မှု (၆)ရပ် (Six Grave Violations) ဖြစ်သည့် သတ်ဖြတ်ခြင်းနှင့် ကိုယ်လက် အင်္ဂါထိခိုက်စေခြင်း၊ လက်နက်ကိုင်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ ဖမ်းဆီးခြင်းနှင့် ပြန် ပေးဆွဲခြင်း၊ ကျောင်းနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်းနှင့် လူသားချင်းဆိုင်ရာ အကူအညီ မရစေ ခြင်းတို့ကို မကျူးလွန်ရ ဟူ၍ပါရှိကြောင်း ဖော်ပြသည်။
ထို့ပြင် ယင်းထုတ်ပြန်ချက် အပိုဒ် (၆)တွင် အသက်(၁၈)နှစ် အောက် ကလေးများကို တပ်သားသစ်စုဆောင်းခြင်း၊ လက်နက်ကိုင် လှုပ်ရှားမှုတွင် ပါဝင်စေခြင်း သို့မဟုတ် အခြားအန္တရာယ်ရှိစေမည့် လုပ်ငန်းများတွင် အသုံးပြုခြင်း မပြုရ ဟူ၍လည်းကောင်း ပါရှိကြောင်း အသိပေးသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ မတ်လ ၂၉ ရက်တွင် တပ်သားသစ် စုဆောင်းရေးမူ ဝါဒ (၁၀)ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းသတ်မှတ်ချက်များထဲတွင်လည်း အသက်(၁၈)နှစ် ပြည့်ပြီး သူကိုသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် လက်ခံရမည်ဟူ၍ ဖော်ပြထားကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ မေလ ၅ ရက်တွင် တပ်ရင်းစံပြုတည်မြဲ အမိန့်ထုတ်ပြန်၍ တပ်ရင်း၊တပ်ဖွဲ့အသီးသီး၏ ကိုယ်စီတာဝန်ဝတ္တရားများ၊ သိရှိ လိုက်နာကျင့်သုံးရမည့် စစ်ဥပဒေဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များ၊ အမြဲတစေ လက်ကိုင်ထားရှိရမည့် ဥပဒေ၊နည်းဥပဒေစာအုပ်များကို တည်မြဲအမိန့်ဖြင့် ထုတ်ပြန် ၍လည်းကောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊တပ်ဖွဲ့များအား စည်းမျဉ်း စည်းကမ်းများကိုလိုက်နာသည့် စွမ်းရည်ပြည့်ဝ သော တပ်များဖြစ်စေရန် ဖော်ဆောင် လျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
