■ပြည်သူများကားအရောင်းအဝယ်သတိထားရန် ကားဈေးကွက်စောင့်ကြည့်နေသူအချို့အကြံပြု
စက်တင်ဘာ-၁ ၊၂၀၂၅။ဇော်ဝင်း/People’s Spring
မြန်မာနိုင်ငံမှာ လျှပ်စစ်ကား (EV ကား)တွေတပ်ဆင်ထုတ်လုပ်မှုတိုးချဲ့လိုတယ်လို့တရုတ်လုပ်ငန်းရှင်တွေက တောင်းဆိုပါတယ်။
သြဂုတ် ၃၁ ရက်တရုတ်နိုင်ငံတီယန်ကျင်းမြို့မှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ်မှာ တရုတ်လုပ်ငန်းရှင်တွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံနဲ့ကိုက်ညီတဲ့ EV ကားတွေကို တင်သွင်းထားပြီး အခွန်အခတွေ လျှော့ပေးတာအပြင် သီလဝါ စီးပွားရေးဇုန်မှာ မြန်မာလုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီးရင်းနှီးမြှုပ်နှံမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောတယ်လို့ စစ်ကောင်စီထုတ်သတင်းစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လောင်စာဆီသုံးယာဥ်တွေ လျှော့ချပြီးတော့ လျှပ်စစ်ကားအသုံးပြုမှု တိုးမြှင့်ရေးကို ရည်မှန်းထားတာဖြစ်တဲ့အတွက် တရုတ် EV ကားထုတ်လုပ်သူတွေ လာရောက်ရင်းနှီးဖို့စစ်ခေါင်းဆောင်က ပြောပါတယ်။
“မအလ ခရီးစဥ်နဲ့ပတ်သက်ပြီးစစ်တပ်အသိုင်းဝိုင်းနဲ့နီးသူတချို့ကလည်းမော်ဒယ်အနိမ့်နှစ် ၂၀ ကျော်ကားတွေကို စပြီးထုတ်ရောင်းနေကြပြီ။အဘဘက်တော်သားယုန်လေးကလည်း ကားဟာ စာတစောင်နဲ့တင် ပွဲသိမ်းနိုင်ကြောင်း အရိတ်မြွတ်ပြောလာတာ ရှိတယ်”လို့ မော်တော်ယာဥ်စျေးကွက်စောင့်ကြည့်သူက ပြောပါတယ်။
ဒါကြောင့် ပြည်တွင်း မော်တော်ယာဥ် ဝယ်ရောင်း စျေးကွက် အပါအဝင် ကားဝယ်မယ့် ပြည်သူတွေ အနေနဲ့ အလောတကြီး မဆုံးဖြတ်ဖို့ သူက တိုက် တွန်းပါတယ်။
ဒါပေမယ့် တဖက်မှာ တရုတ်နိုင်ငံက EV ကားထုတ်တဲ့ကုမ္ပဏီသုံးခုထက်မနည်း ဒေဝါလီခံထားရပြီး အကျိုးဆက်အနေနဲ့ တင်သွင်းရောင်းချခဲ့တဲ့ နိုင်ငံတွေနဲ့ အထူးသဖြင့် မြန်မာရဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာအပိုပစ္စည်းပြတ်လပ်တာ၊ အာမခံမရတော့တာတွေကြောင့်တရုတ် EV ကားကုမ္ပဏီတွေကို အရေးယူပေးဖို့ သုံးစွဲသူတွေကတိုင်ကြားထားတာတွေ ရှိပါတယ်။
“အခုထိုင်းကလေလံတွေမှာတရုတ် EV တွေ ဘယ်သူမှဝယ်မယ့်သူမရှိဘူး။တနေ့က ၂၀၂၄ မော်ဒယ် NETAကားဆိုဘတ်တစ်သိန်းပဲ ရှိတာတောင် စျေးပေးမယ့်သူမရှိဘူး။အဓိကတော့တရုတ် EV ကို အယုံအကြည်လျော့လာကြတာ။မြန်မာမှာတော့ ဂျင်းထည့်လို့ကောင်းနေဦးမှာပဲ။ပိုက်ဆံအရမ်းရှိတဲ့သူတွေကိုတော့မပြောလိုပေမယ့် စုဆောင်းဝယ်မယ့်သူတွေ မရှိမဖြစ်လိုတဲ့သူတွေအနေနဲ့ကတော့ သေသေ ချာချာစဥ်စားဖို့လိုတယ်”လို့ မော်တော်ယာဥ် ဝယ်ရောင်းသူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိသေးတဲ့မြန်မာနိုင်ငံ EV ကား မူဝါဒတွင် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှု အကာအကွယ်ပေးဖို့ မည်သည့်ပြဌာန်းချက်မှရှိမနေကြောင်းလည်းသူကဆက်ပြောပါတယ်။
ရန်ကုန်နဲ့ နေပြည်တော်မှာ EV ကားတွေ အားသွင်းရင်းနဲ့ မီးလောင်တာ ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး မမှန်လို့ မီးစက်အသုံးပြု ပြီးEV ကားကို အားသွင်းရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမင်းအောင်လှိုင်က EV ကားများကိုသာ တင်သွင်းဖို့အစဥ်တစိုက် ဦးစားပေးပြောဆိုနေသလို သူ့သား အောင်ပြည်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့က လျှပ်စစ်ကားတင်သွင်းခွင့် ကုမ္ပဏီ တည်ထောင်ထားပါတယ်။ဒါအပြင် မီးပြတ်ရင် အားသွင်းဖို့ ဆိုလာတင်သွင်းရောင်းချတဲ့လုပ်ငန်းတွေကိုလည်း သူတို့နဲ့ နီးစပ်သူတွေကလုပ်ကိုင်ကြပါတယ်။
စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း စာရင်းတွေအရ ၂၀၂၄ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံက်ု EV ယာဥ် အစီးရေ ၆,၄၀၀ ကျော်တင်သွင်းခဲ့ပြီး အများစုက တရုတ်ထုတ် EV ကားတွေပဲ ဖြစ်ပါတယ်။
