close
Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း အာရှလမ်းသစ်နဲ့ လမ်းဟောင်းကစစ်ကြောင်းထိုးပေမယ့် အထိနာပြီး ရှေ့မရောက်

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ချီတက်ဖို့ စစ်တပ်က အာရှလမ်းမကြီး လမ်းဟောင်းနဲ့ လမ်းသစ်ကနေ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေရာ စစ်တပ်အထိနာနေပြီး ရှေ့တိုးမလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

​၂၀၂၄ ခုနှစ်မှာ အောင်​ဇေယျ စစ်​ကြောင်းကို တိုက်ခိုက်​နေတဲ့​တော်လှန်​ရေးတပ်ဖွဲ့ဝင်တဦး။ ဓါတ်ပုံ-Cobra Column

စက်တင်ဘာ−၄၊ ၂၀၂၅။ခွန်ဖ/People’s Spring

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ချီတက်ဖို့ စစ်တပ်က အာရှလမ်းမကြီး လမ်းဟောင်းနဲ့ လမ်းသစ်ကနေ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေရာ စစ်တပ်အထိနာနေပြီး ရှေ့တိုးမလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၂ရက်က အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ ထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ၃ရက်မှာလည်း ထီးမူထရွာနားမှာ တနေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ၎င်းကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့(စက်တင်ဘာ ၄ရက်)မှာလည်း အာရှလမ်းဟောင်းနားက တောင်သုံးလုံးရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်
ကြောင်း သေဆုံးမှုများခဲ့တယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ တောင်သုံးလုံးနားမှာ အတော်ကြမ်းတယ်။ အောင်ဇေယျကတော့ သေဆုံးတာ အတော်များတယ်။ရှေ့တိုးလို့ မရဘူးသူတို့(အောင်ဇေယျ)”လို့ PDFစစ်ကြောင်းမှူးတဦးက ပြောပါတယ်။

စက်တင်ဘာ ၄ရက် ညပိုင်းမှာလည်းမြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“၂၇၅ကနေ သင်္ဃန်းညီနောင်ဘက်ကို ပစ်နေတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အာရှလမ်းမဘေးက သင်္ဃန်းညီနောင်ဒေသဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လမ်းပိုင်း၂ခုကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ စစ်ကျွံဝင်လာတာတွေရှိနေလို့ စောင့်ဆိုင်းတိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အဲ့လိုလာအောင်စောင့်နေရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ခုလာတော့ တီးယုံပေါ့”လို့ ၎င်းကပြောပါတယ်။

အာရှလမ်းပိုင်းမှာ ပိတ်မိနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်တွေဟာ တားဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။

သြဂုတ် ၃၁ရက်ကလည်း မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ ထောက်ပို့ အတွက် အဓိကကျတဲ့ ကော့နွဲ့တံတား ပြင်ဆင်နေချိန်မှာ တော်လှန်ရေးတပ်တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါအပြင်ဩဂုတ် ၂၅ရက်လောက်က တိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျရဲ့ ကုန်းတကုန်းကို သိမ်းရထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်သား အလောင်းငါးလောင်းနဲ့ လက်နက် ငါးလက်လည်း တော်လှန်ရေးတပ်တွေက ရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က စက်တင်ဘာ၄ ရက် မနက်မှာလည်း ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ထိန်းချုပ်ရာ ကျောက်ခတ်ကျေးရွာက ဆေးရုံဟောင်းနေရာကို ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

၂၀၂၄ မတ်လနဲ့ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီမြို့နားက သင်္ဃန်းညီနောင်ဗျူဟာနဲ့ တပ်ရင်းတွေ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ်ခမရ(၂၇၅)တပ်ရင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”လို့ အမည်ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစလို့ မော်လမြိုင်က ချီတက်လာခဲ့ပါတယ်။

လေးရက်နဲ့ မြဝတီမြို့ကို အရောက်ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တနှစ်ခွဲနီးပါးကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

KNLAနဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်စပြီး အောင်ဇေယျစစ်ကြောင်းရဲ့ အလယ်ကနေဖြတ်တောက်ပြီး ပိတ်ဆို့ထားလိုက်ပါတယ်။ အဲလိုဖြတ်တောက် ပိတ်ဆို့မှုကြောင့် ဒေါနတောင်ပေါ် တောနောရေတံခွန်နားကအောင်ဇေယျအဖွဲ့ဟာပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့် အစာရေစာငတ်ပြတ်တဲ့အထိဖြစ်ကာ အလင်းဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။

အဲဒီလိုပိတ်မိ​နေတာမို့ စစ်ကူ​တွေအများအပြားထပ်ပို့ရင်းမိုင်(၂၀)လောက်ပဲ ကွာဝေးတော့တဲ့ နယ မြဝတီကို ရက်(၉၀)နဲ့ အရောက်ချီတက်မယ့်ခရီးဆိုပြီးဩဂုတ်လဆန်းက စတင်ခဲ့တာလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ဒါ​ပေမယ့်တစ်လ​လောက်ကြာတဲ့အထိ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

သတင်း

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ တိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

စစ်ကောင်စီက အောင်ဇေယျ စစ်ကြောင်းကို စစ်သားအင်အား ထောင်ချီထပ်မံအားဖြည့်ပြီး တော့ ရက် ၉၀ အတွင်း မြဝတီမြို့ကို အရောက်သွားမယ်ဆိုကာ စစ်ကြောင်းတွေထိုးပြန်ထိုးလာတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ်။

သတင်း

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာ၊ရပ်ကွက်(၄)အတွင်း ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းက ဒေသခံများအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား၍ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရွာကိုပိတ်ဆို့ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။