စက်တင်ဘာ-၇၊၂၀၂၅။ဇေအောင်/People’s Spring
ရန်ကုန်-ဆင်ဖြူကျွန်း-စလင်းသွားနေတဲ့ ခရီးသည်တင်ယာဥ်ပေါ်ကနေအမျိုးသမီး ၂ ဦးအပါအဝင်လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ပြည်သူ့ညီနောင်-စလင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီခရီးသည်တင်ယာဥ်လိုင်းပေါ်က လူငယ် ၃ ဦးဟာ စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း ပြည်သူ့ညီနောင်-စလင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပေါ်တာဆွံခံလိုက်ရတဲ့ အမျိုးသားဟာ အသက် ၃၂ ဝန်းကျင်ရှိပြီး စလင်းမြို့နယ်၊ ဆင်မာကျွန်းကျေးရွာကဖြစ်ကာ မကွေး-ကန်ပြားလမ်းပိုင်း စစ်ဆေးရေးဂိတ်မှာ အဖမ်းဆီးခံလိုက်ရပါတယ်။ အလားတူ အဓမ္မဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီး ၂ ယောက်က အသက် ၂၅ နှစ််ဝန်းကျင်အရွယ်တွေဖြစ်ပြီးတော့တောင်ညိုလမ်းပိုင်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“အရင်က အမျိုးသမီးတွေ ပေါ်တာဆွဲဖမ်းဆီးတာမျိုးမရှိဘူး။ ပြီးခဲ့တဲ့ သြဂုတ်လထဲကနေ အမျိုးသမီးတွေပါမကျန် ဆွဲတော့တာဗျ။”လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ (စက်တင်ဘာ ၇ ရက်)မနက်မှာလည်း စလင်းမြို့ပေါ် စျေးနားမှာ စစ်တပ်က အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးကို ပျူစောထီးတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ဒေသခံအချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာလည်းစက်တင်ဘာ ၆ ရက် မနက်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး၂ ဦးကိုလည်းစစ်သားတွေက တားဆီးကာ စစ်ဆေးပြီးပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ အရင်ကအမျိုးသားတွေကိုပဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာဖြစ်ပြီး အခုအခါမှာတော့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးလာတာဖြစ်ပါတယ်။
စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်း(အမျိုးသမီး)သင်တန်းကို မှော်ဘီမြို့အခြေစိုက်တဲ့ အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ-၄) မှာ ဖွင့်လှစ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကသိရပါကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့-MDSI ကသြဂုတ်လဒုတိယပါတ်မှာဖော်ပြပါတယ် ။
အပါတ်စဥ် (၁)သင်တန်းကိုလွန်ခဲ့တဲ့နှစ်လလောက်ကတည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီးသတင်းပေါက်ကြားမှုမရှိအောင်တင်းတင်းကြပ်ကြပ်လုပ်နေတာလို့ MDSI ကဖော်ပြပါတယ် ။စစ်ကောင်စီကတော့ အမျိုးသမီးစစ်မှုထမ်းသင်တန်းပေးနေပြီဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။
