close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖခင်အရိုက်အရာ ဆက်ခံမယ့်သူဆိုတဲ့ ထင်ကြေးတွေကို တရုတ် ခရီးစဉ်နဲ့အတူ ပိုခိုင်မာလာစေတဲ့ ကင်မ်ဂျူအေး

တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကြီးကို တက်ရောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအွန်းကသူ့ရဲ့ အထူးကျည်ကာရထားကို စီးနင်းပြီး ဘေဂျင်းမြို့တော်ဆီ ဆိုက်ရောက်လာချိန်မှာ တရုတ် အာဏာပိုင်တွေက ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်။

မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအွန်းနဲဲ့သူ့သမီး ကင်မ်ဂျူအေး။ ဓါတ်ပုံ-KCNA

People’s Spring ဘာသာပြန်သည်။

တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကြီးကို တက်ရောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအွန်းကသူ့ရဲ့ အထူးကျည်ကာရထားကို စီးနင်းပြီး ဘေဂျင်းမြို့တော်ဆီ ဆိုက်ရောက်လာချိန်မှာ တရုတ် အာဏာပိုင်တွေက ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်။ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ ဘေဂျင်း ဘူတာကြီးမှာ ခေါင်းဆောင်ကြီး ကင်မ်ရဲ့နောက် ကပ်လျက်သားဆင်းလာခဲ့သူကတော့ သူ့ရဲ့ အားအထားရဆုံး လက်ရုံးတွေ၊ အစိုးရ အရာရှိတွေ မဟုတ်ဘဲငယ်ရွယ်ချိုချိုသာသာ ပြုံးနေတဲ့ မိန်းကလေး တစ်ဦးသာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ဘေဂျင်းမြေကို ခြေချခဲ့တာဟာခေါင်းဆောင်ကြီးကင်မ်ရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးအတွက် ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်လို့ သတ်မှတ်နိုင်ပါတယ်။ ဂျူအေးဟာ နောက်တစ်နေ့မှာ ကျင်းပတဲ့ စစ်ရေးပြ ချီတက်ပွဲကြီးကိုတော့ ဖခင်နဲ့အတူ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားအတွက် အရေးပါလှတဲ့ နိုင်ငံရပ်ခြား ခရီးစဉ်တစ်ခုမှာဂျူအေးကို အရေးတယူ ခေါ်ဆောင်လာတယ် ဆိုကတည်းက ကင်မ်ဟာ သူ့ရဲ့သမီးကို နိုင်ငံခေါင်းဆောင် အရိုက်အရာ အပ်နှင်းဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ထင်ကြေးတွေကို ပိုမိုခိုင်မာသွားစေကြောင်း လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံရယ်လို့ စတင်ထူထောင်ချိန် ကတည်းက ကင်မ်ရဲ့အဖိုး၊ ကင်မ်ရဲ့အဖေတို့ကပဲလက်ဆင့်ကမ်းအုပ်ချုပ်ခဲ့တာကြောင့် မြောက်ကိုရီးယား အစိုးရကို ကင်မ်မင်းဆက်လို့ တင်စားကြတာ မဆန်းပါဘူး။ ကင်မ်ကလည်းသူ့ရဲ့အရိုက်အရာကို မိသားစုဝင်တွေထဲက တစ်ဦးဦးကိုပဲ လွှဲပြောင်းဖို့ သေချာသလောက် ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ ဆက်ခံသူဟာ အမျိုးသမီး ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။ အစောပိုင်းတုန်းက ကင်မ်ရဲ့ ဩဇာထက်မြက်တဲ့ ညီမအရင်း ကင်မ်ယိုဂျောင်ကို အနာဂတ် မြောက်ကိုရီးယား ခေါင်းဆောင်လို့ အတော်လေး ထင်ကြေးပေး ခဲ့ကြပေမယ့် အခုတော့ ဂျူအေးဟာ နောက်မှပေါက်တဲ့ ရွှေကြာပင် ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

သတင်းအမှောင်ချတာအရမ်းသိပ်သည်းပြီးတသီးတခြား ရပ်တည်နေတဲ့ကွန်မြူနစ်နိုင်ငံထဲကအရေးကိစ္စတွေကို ပြည်ပက သတင်းနှိုက်ယူဖို့ဆိုတာ အတော်ခက်ပါတယ်။ ခေါင်းဆောင်ကြီး ကင်မ်နဲ့ ဇနီးဖြစ်သူ ရီဆိုလ်ဂျူတို့မှာသမီးတစ်ဦးရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်ကိုတောင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကျမှ လူတွေ စပြီး သိလာကြရတာပါ။ ကင်မ်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးတဲ့ အမေရိကန် ဘတ်စကက်ဘော ကြယ်ပွင့် ဒင်းနစ်ရော့ဒ်မန်းက ပြုံယမ်းမြို့ကို သွားရောက် လည်ပတ်ခဲ့တဲ့နောက် ကင်မ်နဲ့ ရီတို့မှာဂျူအေးလို့နာမည်ပေးထားတဲ့ သမီးလေးတစ်ယောက် ရှိနေတယ် ဆိုတာကို ထုတ်ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့မြောက်ကိုရီးယား အစိုးရ မီဒီယာက ခေါင်းဆောင်ကြီးကင်မ်ရဲ့ သမီးဆိုတဲ့ ဝေါဟာရကို ပထမဆုံးအကြိမ် တရားဝင် ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။ အဲဒီ မိန်းကလေးရဲ့ နာမည်နဲ့ အသက်ကိုတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာက မဖော်ပြခဲ့ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဒါဟာ ဂျူအေးဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ အဲဒီတုန်းက ကင်မ်ဟာ သမီးဖြစ်သူကို မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အစီအစဉ် တစ်ခုဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါက ဂျူအေးကို ဖခင်ဖြစ်သူက ပထမဆုံး လူလုံးပြ ပွဲထုတ်လာတာလို့လည်းဆိုနိုင်ပြီးသူ့အကြောင်းကို လူတွေက ပိုစိတ်ဝင်စားလာပါတယ်။

နောက်ပိုင်းမှာလည်းပြည်တွင်းကအရေးပါတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေမှာ ကင်မ်ဟာ ဂျူအေးကို မကြာခဏ ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီမိန်းကလေးဟာ ဖခင်ရဲ့ လက်ကို ဖေးကိုင်ထားလေ့ရှိပြီး သားအဖ နှစ်ဦးကြားမှာ အတော်လေး နီးစပ် တွယ်တာတယ် ဆိုတာကို မြင်သာစေပါတယ်။မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ အဓိကကျတဲ့ အခမ်းအနားတွေမှာဂျူအေးကို မကြာခဏ တွေ့မြင်လာရတဲ့နောက် ဒီမိန်းကလေးဟာ ဖခင်ရဲ့ အရိုက်အရာ ဆက်ခံဖို့ ရွေးချယ်ခံထားရသူလားဆိုတဲ့ မေးခွန်းတွေ စတင် ပေါ်ပေါက်လာပါတယ်။နောက်ပိုင်းမှာတော့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဂျူအေးဟာဆက်ခံသူ စာရင်းထဲမှာ ထိပ်ဆုံးက ရှိနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဂျူအေးနဲ့ ပတ်သက်ရင်ခေါင်းဆောင်ကြီးရဲ့ချစ်လှစွာသော သမီးလေး ဆိုတဲ့ အသုံးအနှုန်းကိုပဲ သတိကြီးကြီး ရွေးချယ်လေ့ ရှိပါတယ်။ တောင်ကိုရီးယား မီဒီယာတွေက ဂျူအေးရဲ့ အသက်ဟာ ၁၂ နှစ်၊ ၁၃ နှစ် ဝန်းကျင်လောက်သာ ရှိလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ပြီးတော့ ကင်မ်က သမီးဖြစ်သူကို သေသေချာချာ ပျိုးထောင်ပေးနေတယ်လို့လည်း ယုံကြည်ရပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ခေါင်းဆောင်ကြီး ကင်မ်ရဲ့ အရိုက်အရာကို ဘယ်သူဆက်ခံမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ တိတိကျကျ ပြောမထားပါဘူး။ ဂျူအေးဟာ ဖြစ်နိုင်ခြေ အရှိဆုံးလို့ ယူဆနေကြပေမယ့် ဒါကလည်း ထင်ကြေးသက်သက်ထက် မပိုဘူးဆိုတာ သတိပြုသင့်ကြောင်း မြောက်ကိုရီးယားအရေး ပညာရှင် တချို့က ထောက်ပြထားပါတယ်။ ဒါပေမဲ့လူမြင်ကွင်းမှာ ရုတ်တရက် ပေါ်လာချိန်ကစလို့ ကင်မ်က ဂျူအေးကို အရာပေး ဆက်ဆံလွန်းနေတာတွေကို ကြည့်ရင်တော့ ဒီကောက်ချက်ဟာ မှန်ကန်ဖို့ ရာခိုင်နှုန်း အတော်များတဲ့ သဘောပါပဲ။

ဆိုးလ်မြို့အခြေစိုက်မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌဟောင်း ယန်မူဂျင်ကတော့ ဂျူအေးဟာ ဘေဂျင်းခရီးစဉ် အတောအတွင်းမှာ နိုင်ငံရဲ့ အရေးအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အစိုးရ အရာရှိကြီးတွေကို သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘေဂျင်းဘူတာကြီးမှာ တရုတ် အရာရှိတွေက ဂျူအေးကို မြောက်ကိုရီးယားရဲ့ ဒုတိယ အရေးအကြီးဆုံး ပုဂ္ဂိုလ်လို သဘောထားမျိုးနဲ့ ဆက်ဆံနေတာကို ကိုယ်အမူအယာတွေအရ သိနိုင်တယ်လို့ ယန်က ဆိုပါတယ်။

ဆိုးလ်အခြေစိုက်ဆီဂျောင်သုတေသနဌာနရဲ့ မြောက်ကိုရီးယားအရေး လေ့လာသူ ချွန်ဆုံချန်းကလည်း ဂျူအေးဟာ ပြည်တွင်းမှာသာ မကဘဲ တရုတ်လို ပြည်ပနိုင်ငံတစ်ခုမှာပါ မြောက်ကိုရီးယားရဲ့ နံပါတ် ၂ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်လိုမျိုး ဆက်ဆံတာ ခံနေရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ တရုတ်လိုမျိုး အရေးပါတဲ့ မဟာမိတ်နိုင်ငံဆီ သွားရောက်တဲ့ခရီးစဉ်မှာဂျူအေးကို ခေါ်သွားတယ် ဆိုကတည်းက သူ့သမီးကို အရိုက်အရာခံ ပုဂ္ဂိုလ်အဖြစ် လျာထားကြောင်း ကင်မ်က အားကောင်းတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်တဲ့ သဘောပဲလို့ ချွန်က ဆိုပါတယ်။

ကင်မ်ကိုယ်တိုင်လည်း ဖခင်ဖြစ်သူ ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာ ဆက်ခံသူအဖြစ် ငယ်ငယ်လေး ကတည်းက လျာထားခံခဲ့ရပေမယ့် ၂၀၀၈ ခုနှစ်မှာ ဖခင်ဖြစ်သူ လေဖြတ်ဝေဒနာ မခံစားရခင်အထိ အဲဒီအကြောင်းကို အစိုးရက တရားဝင် မကြေညာခဲ့ပါဘူး။သူ့လက်ထက်မှာတော့ ကင်မ်ဟာ ဘယ်သူ့ကို ဆက်ခံသူအဖြစ် ရွေးချယ်မလဲ ဆိုတာကို ပိုပြီး စောစောစီးစီး ထုတ်ပြထားဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဂျူအေးရဲ့ အသက်က ငယ်ရွယ်လွန်းနေသေးသလို တရားဝင် အစိုးရ ရာထူးလက်ကိုင်တစ်ခုခု ရှိမနေပါဘူး။ ပြီးတော့ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ တရားဝင် မကြေညာထားသေးပါဘူး။ သီအိုရီအားဖြင့်တော့ အနာဂတ်မှာ အရာရာ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ တွေ့မြင်နေရတဲ့ အနေအထားတွေ၊ ညွှန်ကိန်းတွေ၊ ဖြစ်နိုင်ခြေတွေ အားလုံးကတော့ နောင်တစ်ချိန်မှာမြောက်ကိုရီးယားရဲ့ဦးဆောင်သူနေရာမှာ ဂျူအေးကို မြင်ရလိမ့်မယ်ဆိုတဲ့ အယူအဆဖက်ကိုသိသိသာသာအလေးသာနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို မကောင်းကြံကြရင်းနဲ့ပဲ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးပါဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရည်ရွယ်ပြီး အငေါ်တူးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ တရုတ်နိုင်ငံကို သွားရောက်ရာမှာ အထူးစီမံ တည်ဆောက်ထားတဲ့ ကျည်ကာရထားကို အသုံးပြုခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတဲ့ ရေဒီယို အစီအစဉ်ကို တောင်ကိုရီးယားက ရပ်နားထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်မှာ ကျင်းပမယ့် စစ်ရေး စစ်ရေးပြ ချီတက်ပွဲကြီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Facebook