ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့နောက် ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်ရေး ချက်ချင်း လုပ်ဆောင်နေပြီလို့ အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။
ဖျူထိုင်းပါတီ ကိုယ်စားပြု ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့နောက် ဆက်ခံသူ နေရာမှာ ဘွန်ဂျိုင်ထိုင်း ပါတီ အကြီးအကဲ အနုတင်ကို ထိုင်းလွှတ်တော်က မဲပေးရွေးချယ်ခဲ့တာပါ။
အင်အားကြီး အတိုက်အခံ ပြည်သူ့ပါတီဆီက ထောက်ခံမဲတွေကို ရရှိခဲ့တဲ့အတွက် အနုတင်ဟာ စက်တင်ဘာ ၅ ရက် လွှတ်တော် မဲခွဲမှုမှာ ထောက်ခံမဲ ၃၁၁ မဲထိ ရရှိခဲ့ပြီး ဝန်ကြီးချုပ် နေရာအတွက် လိုအပ်တဲ့ ၂၄၇ မဲကို သက်တောင့်သက်သာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အရင် အာဏာရ ညွန့်ပေါင်းအစိုးရကို ဦးဆောင်ခဲ့တဲ့ ဖျူထိုင်းပါတီဖက်က အဆိုပြုခဲ့သူ ချိုင်ကာဆမ် နီတီဆီရီကတော့ ၁၅၂ မဲသာ ရခဲ့ပြီး မဲမပေးဘဲ ကြားနေသူ ၂၇ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
ထိုင်းလွှတ်တော်ဟာ အနုတင်ရဲ့ အနိုင်ရမှု ရလဒ်ကို ထိုင်းဘုရင်ဆီ တင်ပြမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ ဘုရင်ရဲ့ ခွင့်ပြုချက်ကို ရယူပြီးရင် အနုတင်က နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသွားမှာပါ။

Public Service Announcement
မဲခွဲမှုရလဒ် ထွက်ပေါ်ပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ အနုတင်က သူ့အနေနဲ့ စနေ၊ တနင်္ဂနွေလည်း အားလပ်ရက် ယူနိုင်မှာ မဟုတ်ဘဲ လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ပြည်သူ့ပါတီ အပါအဝင် သူ့ကို ထောက်ခံပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ညွန့်ပေါင်း အစိုးရသစ်ဖွဲ့ဖို့ မိတ်ဖက် အဖွဲ့အစည်းတွေကြား ဆက်လက် ညှိနှိုင်းနေဆဲလို့ သူက ပြောပါတယ်။ အနုတင်က ဒီကိစ္စအတွက် စိတ်ရှည်ရှည်ထားကြဖို့ တောင်းဆိုခဲ့ပေမယ့် ဆွေးနွေးမှုတွေကတော့ စတင်နေပြီး ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။
အသက် ၅၈ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ အစောပိုင်းက ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေထောင်ထန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု အပြီးမှာတော့ ဘွန်ဂျိုင်ထိုင်းက ဖေထောင်ထန်ကို ရှုတ်ချပြီး အစိုးရ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဖေထောင်ထန်ကို ဝန်ကြီးချုပ် နေရာကနေ ခုံရုံးက ဖယ်ရှားခဲ့တဲ့ နောက်မှာတော့ သူက ဖျူထိုင်းကို စိန်ခေါ်နိုင်မယ့် ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ စတင် အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နေရာလုပွဲမှာ ဘွန်ဂျိုင်ထိုင်းကို အရေးနိမ့်ပြီး အာဏာလက်ရှိ အစုအဖွဲ့ ဘဝကို တစ်ခန်းရပ်လိုက်ရတဲ့ ဖျူထိုင်းပါတီကတော့ ပိုပြီး အားကောင်းတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပြန်လာမယ်လို့ ထောက်ခံသူတွေကို ကတိပြု ပြောကြားခဲ့ပါတယ်။ လွှတ်တော် မဲပေးမှုအပြီး ထုတ်ပြန်တဲ့ ဖျူထိုင်းရဲ့ ကြေညာချက်မှာတော့ အတိုက်အခံ အင်အားစုအဖြစ် ထိထိရောက်ရောက် ရပ်တည်သွားဖို့ အသင့် ပြင်ဆင်ထားကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။
ကိုးကား: Bangkok Post

















































