စက်တင်ဘာ−၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီတပ်များထံစစ်လက်နက်အင်အားဖြည့်တင်းပြီး နောက်ပြန်လာသည့် စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်သို့ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။
စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်ဖြတ်သန်းစဉ် လုံခြုံရေးပေးရန် လိုက်ပါလာသည့် Y12 လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့၍ စက်တင်ဘာ ၆ရက် နှင့် ၇ရက်တွင် ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ဟု ဆိုသည်။
စစ်သင်္ဘောများ ထီးချိုင့်မြို့နယ် ဖြတ်သန်းစဉ် တိုက်ခိုက်ခံရခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်း ၊လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ထိုသို့ တိုက်ခိုက်ခံရ၍ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှ ပြည်သူ ၅ဦး၊ ကျောက်မှော်ရွာမှ ၁ဦး၊ ဘိုကုန်းမှ ၃ဦးနှင့် ဝဲကြီးကျေးရွာမှ ပြည်သူ၂ဦးစုစုပေါင်းပြည်သူ ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ဟု Tigyaing Revolutionက အသိပေးသည်။
စစ်သင်္ဘောအုပ်စုသည်ဗန်းမော်သို့အသွားတွင်လည်းလက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ လမ်းတလျှောက် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။
