စက်တင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ယနေ့ (စက်တင်ဘာ ၅ရက်) နံနက်တွင် ပြန်လည် ထွက်ခွာသွားသည့် စစ်သင်္ဘောများအား ရွှေကူမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
အဆိုပါစစ်သင်္ဘောအုပ်စုကိုရွှေကူနှင့်ဗန်းမော်မြို့အကြားတွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က အသိပေးသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။
ဩဂုတ် ၁ရက်က ဗန်းမော်မြို့သို့ ရောက်ရှိပြီး တလကျော်အကြာတွင်ပြန်သွားသည့် စစ်သင်္ဘောများကို ဗန်းမော်မြို့နယ် စင်းခန်းအနီးတွင် KIAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
ထိုသို့ တိုက်ခိုက်ခံရ၍ သင်္ဘောတစီးပျက်စီးကာ စစ်သင်္ဘောဖြင့်ဆွဲသွားကြောင်း ကချင်သတင်းရင်းမြစ်တဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
သင်္ဘော ၁၀စီးခန့်ပါဝင်သော စစ်သင်္ဘောအုပ်စု ဗန်းမော်မြို့မှ ပြန်လည်စုန်ဆင်းသွားသည်ကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသော်လည်း သင်္ဘောများတိုက်ခိုက်ခံရမှု အခြေ အနေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အခြားသတင်းတရပ်မှာ ကသာမြို့၌ ရောက်ရှိနေသည့် စစ်သင်္ဘော ၅စီးခန့်သည်လည်း ယနေ့ စက်တင်ဘာ ၅ရက် နံနက် ၇နာရီခွဲဝန်းကျင်တွင် ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်သွားသည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးထားရာ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
