တရုတ်ဆီက တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူမယ့် သဘောတူ စာချုပ်ကို ထိုင်းတော်ဝင်ရေတပ်က တရားဝင် လက်မှတ်ရေးထိုးခဲ့ပတယ်။
၂၀၁၇ တုန်းက ထိုင်းရေတပ်ဟာ တရုတ်ဆီက ရေငုပ်သင်္ဘော ဝယ်ယူဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း အသုံးပြုမယ့် အင်ဂျင် ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် မူလ စာချုပ်က ပျက်ပြယ်သွားခဲ့ပါတယ်။ ရေငုပ်သင်္ဘော တစ်စီးအတွက် ကိုယ်ထည်ပိုင်း တည်ဆောက်ထားပြီးမှ အင်ဂျင်ကိစ္စ ပြဿနာတက်လို့ ရှေ့မဆက်နိုင်တော့ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
နောက်တော့ နှစ်နိုင်ငံကြား ပြန်လည် ဆွေးနွေးခဲ့ကြပြီး အရောင်းအဝယ် ကိစ္စကို အချက်အလက်တွေ ပြင်ဆင်ပြီး ပြန်အသက်သွင်းခဲ့တာပါ။ ဒါပေမဲ့ ဘတ်ဂျတ် အခြေအနေကြောင့် ထိုင်းက ရေငုပ်သင်္ဘော အသစ် တစ်စီးကိုသာ မှာယူခဲ့ပါတယ်။ ဩဂုတ် လဆန်းပိုင်းမှာ ထိုင်းလွှတ်တော်က အရောင်းအဝယ်ကိစ္စအတွက် တရားဝင် စာချုပ်ဖို့ မဲပေး အတည်ပြုလိုက်ပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာတော့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ China Shipbuilding & Offshore International (CSOC)ရဲ့ ရုံးချုပ်မှာ သဘောတူ စာချုပ်အသစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ထိုင်းတော်ဝင်ရေတပ်က Facebookပေါ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်သွားခဲ့ပါတယ်။

Public Service Announcement

ထိုင်းအစိုးရဖက်က ရေတပ်ရဲ့ အကြီးအကဲ သေနာပတိ ဂျီရာပိုလ် ဝမ်ဝစ် တက်ရောက်ခဲ့ပြီး CSOCရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ လျူဆောင်းက တရုတ်အစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့ပါတယ်။
စာချုပ်အရ တရုတ်ဟာ ထိုင်းတော်ဝင်ရေတပ်အတွက် ယွမ်အဆင့် S26T ရေငုပ်သင်္ဘော တစ်စီးကို ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်က ဆောက်လုပ်ပေးရမယ့် ရေငုပ်သင်္ဘော အသစ်ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေဟာ စာချုပ်ဟောင်းမှာ ပါဝင်ခဲ့ဖူးတာတွေနဲ့ အများကြီး ကွဲလွဲသွားပြီဖြစ်ကြောင်း ဂျီရာပိုလ်က ဆိုပါတယ်။
အဓိက အရေးအကြီးဆုံး အပြောင်းအလဲကတော့ ထိုင်းဟာ မူလက သဘောတူထားတဲ့ ဂျာမန်လုပ် MUT396 ဒီဇယ် အင်ဂျင် နေရာမှာ တရုတ်က တည်ဆောက်တဲ့ CHD620 အမျိုးအစား အင်ဂျင်နဲ့ အစားထိုးတာကို လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းကတော့ ထိုင်းဟာ တရုတ်အင်ဂျင်တွေရဲ့ အရည်အသွေးအပေါ် သံသယရှိလို့ ရေငုပ်သင်္ဘောမှာ တပ်ဆင် အသုံးပြုမယ့် ကိစ္စကို လက်မခံခဲ့ဘဲ ဂျာမန်လုပ် အင်ဂျင်တွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ တီယန်နန်မင် ရင်ပြင်မှာ ၁၉၈၉ ခုနှစ်တုန်းက ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို တရုတ်အစိုးရရဲ့ အင်အားသုံး ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ (EU)က တရုတ်ဆီ လက်နက် တင်ပို့ခွင့် ပိတ်လိုက်တဲ့အခါ ဂျာမနီရဲ့ ရေငုပ်သင်္ဘော အင်ဂျင်လည်း တရုတ်ဆီ ရောက်မလာတော့သလို အရောင်းအဝယ် သဘောတူညီမှုလည်း ပျက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာ တရုတ်ဟာ CHD620အင်ဂျင်ကို နာရီပေါင်း ၆၀၀၀ ကျော်ကြာအောင် ပင်လယ်ပြင် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့သလို ထိုင်းဖက်က တောင်းဆိုတဲ့ စံနှုန်း အားလုံးနဲ့ ကိုက်ညီအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြခဲ့တဲ့အတွက် အရောင်းအဝယ်ကိစ္စ ပြန်စကားပြောဖြစ်ခဲ့တာပါ။
ထိုင်းရေတပ်အတွက် ပထမဆုံး ပိုင်ဆိုင်လာမယ့် ရေငုပ်သင်္ဘောဟာ ၂၀၂၈ ခုနှစ် နှောင်းပိုင်းလောက်မှာ ပြီးစီးမယ်လို့ ယူဆရပါတယ်။ ရေငုပ်သင်္ဘောရဲ့ တန်ကြေးက ဘတ် ၁၃.၅ ဘီလီယံလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကျရင် ထိုင်းဟာ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနဲ့ ဗီယက်နမ်တို့နောက် ရေငုပ်သင်္ဘော ပိုင်ဆိုင်တဲ့ ဆဋ္ဌမမြောက် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ ဖြစ်လာမယ်လို့ သိရပါတယ်။
ကိုးကား: News Week
















































