စက်တင်ဘာ-၂၀၊၂၀၂၅။နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့ညနေတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကအတည်ပြာပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကဒူးဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ပကဖ စသော တော်လှန်ရေးပူးပေါင်းတပ်က ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်တွင် ဖော်ဆောင်ခဲ့ရာ ၆ရက်မြောက်နေ့တွင် မြို့ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
“ဗန်းမောက်မြို့ အလုံးစုံရပါပြီ။SNAနဲ့ စခတွေ အကုန်ပြေးသွားပြီ။ ညနေ ၆နာရီ ၄၀ အချိန်မှာ နောက်ဆုံးလက်ကျန်သိမ်းလိုက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။

Public Service Announcement
စစ်တပ် နှင့် ရှမ်းနီတပ်လက်ကျန်စစ်သားများကဗန်းမောက်မြို့အတွင်းရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောင်း(နတလ)ကိုအဓိကခံစစ်လုပ်၍ ခုခံနေရာတွင် တော်လှန်ရေးတပ်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် သေဆုံး၊ ဖမ်းမိ အခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်အခြေအနေများကိုမူမသိရသေးဟု ၎င်းက ပြောသည်။
ဗန်းမောက်မြို့နယ်သည်ရှမ်းနီတပ် SNA အင်အားကောင်းသည့် မြို့နယ်ဖြစ်ပြီး မြို့နယ်၏အနောက်ခြမ်းတွင် SNA စခန်းများရှိနေ၍ နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ရနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့သည့် ရက်ပိုင်းက ပြောပြထားသည်။
ဗန်းမောက်မြို့သိမ်းသည့် စက်တင်ဘာ ၂၀ ရက်သည် အမှတ်(၁)စစ်ဒေသ တည်ထောင်ခြင်း လေးနှစ်ပြည့် သည့်နေဖြစ်ပြီး လေးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် မင်္ဂလာရှိစွာ ဗန်းမောက်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ရေးရင်းမြစ်တဦးကပြောသည်။အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C)ယန္တရားကိုတည်ထောင်ပြီး အမှတ်(၁)စစ်ဒေသကို ၂၀၂၁ စက်တင်ဘာ ၂၀ တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို အမှတ်(၁) စစ်ဒေသ၏ ကွပ်ကဲမှုဖြင့်ဖော်ဆောင်နေခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်ပိုင်းက ပြောပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဗန်းမောက် စစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
တော်လှန်ရေးတပ်များက စစ်ကိုင်းတိုင်းတွင် ခမ်းပါတ်မြို့ ၊မြို့သစ်မြို့ ၊ရွှေပြည်သာမြို့ ၊ ပင်လည်ဘူးမြို့ ၊မော်လူးမြို့ ၊အင်းတော်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုကြောင့် ဗန်းမောက်မြို့မှာ တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်လိုက်သော ၇ မြို့မြောက်ဖြစ်လာသည်။
