စက်တင်ဘာ-၂၀၊၂၀၂၅။ကျော်ဇော/People’s Spring
ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ကျားသစ်နက်တပ်ဖွဲ့နဲ့ဘီလုံးပြောင်ကျားတပ်တို့ကစက်တင်ဘာ၂၀ ရက်နေ့မှာပူးပေါင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ကား ၁၀ စီးပါယာဥ်တန်းဟာ သြဂုတ် ၂၁ ရက်ကတည်းက ထားဝယ်ကနေ ဝကုန်းရွာဘက်ကို ထွက်လာတာဖြစ်ပါတယ်။ အဲဒီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့သလို ယာဥ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ရှေ့ဆက်မသွားနိုင်တဲ့ စစ်ယာဥ်တန်းမှလက်ကျန်ကိုးစီးနှင့် ချောဆွဲထားတဲ့အရပ်သားယာဥ်တစ်စီးအပါအဝင် ၁၀ စီးကို စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာဝကုန်းရွာဘုရားတောင်အနီး တော်လှန်ရေးတပ်တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာလည်း စစ်တပ်ယာဥ်တန်းကို ဝကုန်းရွာမိုင်တိုင် ၂၃ နဲ့ ၂၄ ကြားမှာ ထပ်မံ၍ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ယာဥ်သုံးစီးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ ကျားသစ်နက်နဲ့ ဘီလုံးပြောက်ကျားတပ်က အသိပေးပါတယ်။
“ (ရိက္ခာနဲ့လက်နက်)သုံးစီးစာရတယ်ခင်ဗျ။ ကျန်သုံးစီးကသူတို့ စကမ တွေ ပစ္စည်းတခြားကားပြန်တင်ပြီး ယူသွားနိုင်တယ်။ ဒီနေရာမှာ လက်နက်ခဲယမ်းထက် ရိက္ခာက ပိုများပါတယ်” လို့ ဖျက်ဆီးနိုင်ခဲ့တဲ့ယာဥ်တွေနဲ့ပတ်သက်လို့ ကျားသစ်နက်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလူထုနွေဦးကို ပြောပါတယ်။
အထက်ပါတိုက်ခိုက်မှုများအနက် ထပ်တိုးယာဥ်အပါအဝင် စစ်တပ်မှ ယာဥ် ၁၁ စီးထဲက ၆ စီးကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးနိုင်ခဲ့တာပါ။ဒါကြောင့်ကျန်ယာဥ် ၅ စီးဟာထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိကျောက်မဲတောင်စခန်းကို ဝင်ရောက်ခိုလှုံပြီးတော့ စက်တင်ဘာ ၁၇ ရက်က ထားဝယ်မြို့ကို ပြန်ဆုတ်သွားတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်းမှာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကာ တော်လှန်ရေးတပ်များဘက်မှ ဒေါနတပ်ခွဲ ၇ မှ ရဲဘော်တစ်ဦး၊ KNLA တပ် ရင်း ၁၂ မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
