စက်တင်ဘာ-၂၅၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။
“ ရုံးစဖွင့်ပြီးရောက်လာကြတာ။ စွန့်တော့စွန့်စားလိုက်ရတယ်။ထိခိုက်မှုကအနည်းဆုံး၄ယောက် ၅ယောက်လောက်ထိခိုက်နိုင်တယ်” ဟု အထက်ပါစစ်ဆင်ရေး နှင့်ပတ်သက်၍ ၎င်းကပြောသည်။
အဆိုပါစစ်ဆင်ရေးကိုစက်တင်ဘာ၂၅ ရက်ည ၇ နာရီခန့်တွင် Yangon Army ရဲဘော်များက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပြီးချိန်၌ လူနာတင်ကားများ ရောက်ရှိလာကြောင်း မြေပြင်မှ သတင်းရရှိသည်ဟု ၎င်းကဆိုသည်။

Public Service Announcement
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုးသည် လူမိုက်များနှင့် ပေါင်း၍ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကိစ္စများ ဆောင်ရွက်ခြင်း ၊ လူငယ်များကို ပေါ်တာဆွဲ၍ စစ်မှုထမ်းလိုအပ်သည့်နေရာများကိုရောင်းစားကာ လူကုန်ကူးမှုလုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Yangon Army ကထုတ်ပြန်ထားသည်။
“ ပထွေးအားကိုးနဲ့ပြည်သူကိုလူပါးဝနေတာကြာပြီ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တတ်နိုင်သည့် ဘက်မှ ဆန့်ကျင်ကြရန် ၎င်းကတိုက်တွန်းသည်။
“ ရွေးကောက်ပွဲအတွက် အားတက်သရောလုပ်ဆောင်နေကြတဲ့ကောင်တွေစာရင်းအသေးစိတ်ပြုစုထားတယ်..တချိန်မဟုတ်တချိန်လုပ်နေတဲ့ကောင်တွေဆီကျနော်တို့အရောက်လာမယ်ဆိုတာသတင်းပါးချင်ပါတယ်” အထက်ပါတာဝန်ရှိသူကပြောသည်။
Yangon Army အဖွဲ့ အနေဖြင့်ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်လုပ်ပေးနေသော လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ၊ အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတို့ကိုတိုက်ခိုက်ခဲ့သည်။
