စက်တင်ဘာ-၂၆၊၂၀၂၅။ဇော်ဝင်း/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ဒုတိယပတ်က ရွာငံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ကျောက်တောကျေးရွာကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

လက်တလောမှာ နေအိမ် ၂၀ကျော်နဲ့ စပါးကျီ တွေ မီးရှို့ခံထားရကာ (၉).နှစ်အရွယ်ကလေး အပါအဝင် စစ်ရှောင်ပြည်သူ ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ ဖမ်းခံရတဲ့ ပြည်သူတွေက ကျောက်တောရွာဖက်က ပါ။အမျိုးသမီးသုံးဦး၊အမျိုးသားသုံးဦးစစ်ရှောင်ရင်းဖမ်းခံရတာ။ဘယ်ကို ခေါ်သွားလဲမသိရသေးဘူး” လို့ DSNDA တာဝန်ရှိသူက ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)နဲ့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံဘတပ်မ(၅၅) လက်အောက်ခံတပ်တွေ ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကြောင်းထိုးတာကြောင့် ကျောက်တောရွာ နဲ့ ညောင်ပင်သာရွာက ပြည်သူ ၆၀၀ ထက်မနည်းစစ်ရှောင်နေရပြီး စားနပ်ရိက္ခါ ပြတ်လပ်မှု အကြီးကျယ်ခံစားနေရတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့လည်း DSNDA က မေတ္တာရပ်ခံပါတယ်။
စစ်ကောင်စီတပ်က ရွာငံမြို့နယ်ကို သြဂုတ်လကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။အထူးသဖြင့် မိတ္ထီလာခရိုင်နဲ့ထိစပ်နေတဲ့ဘရွာငံမြို့နယ်ထဲက ရွာတွေကို ဦးတည်စစ်ကြောင်း ထိုးနေတာတွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“ ရွာငံမှာ စစ်ကောင်စီအင်အား ၅၀၀ ကျော်တယ်။ သတင်းအရဆို ရွာငံကို အင်အား တစ်ထောင်ထိ ဆင်းမယ်လို့ သိရတယ်။တရားမဝင်ရွေးကောက်ပွဲလုပ်နိုင်အောင် နယ်မြေရှင်းနေတာပေါ့” လို့ သူက ရှင်းပြပါတယ်။
သြဂုတ်လက မင်းပလောင်ရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တောထဲကို လက် နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ စစ်ရှောင်တဲတွေကို မီးရှို့တာ ရှိခဲ့တယ်လို့ DSNDA က ဖော်ပြထားပါတယ်။
ညောင်ပင်သာရွာနဲ့ ကျောက်တောရွာတွေကိုလည်း ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ဂျက်ဖိုက်တာ တစ်စီးရဟတ်ယဉ် နှစ်စီးသုံးပြီး ဗုံးတွေ ကြဲချခဲ့ပြီး နေအိမ်အလုံး ၃၀ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
