close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သား ၃၅၀၀ကျော်ကို ထိုင်းက အတင်းအဓမ္မပြန်ပို့တာ လူကုန်ကူးမှုမြောက် ကြောင်း Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီအရာရှိတွေနဲ့ပူးပေါင်းပြီး မြန်မာလုပ်သား ၃၅၀၀ကျော်ကို အတင်းအဓမ္မပြန်ပို့ခဲ့တာက နိုင်ငံတကာ ဥပဒေအရ လူကုန်ကူးမှုမြောက်တယ်လို့ Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ-၁၃၊၂၀၂၅။တေဇ/People’s Spring

ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီအရာရှိတွေနဲ့ပူးပေါင်းပြီး မြန်မာလုပ်သား ၃၅၀၀ကျော်ကို အတင်းအဓမ္မပြန်ပို့ခဲ့တာက နိုင်ငံတကာ ဥပဒေအရ လူကုန်ကူးမှုမြောက်တယ်လို့ Fortify Rights အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ မြန်မာလူငယ်များအား စစ်အုပ်စုထံ တိုက်ရိုက် လွှဲပြောင်းပေးခြင်းသည် ထိုင်းနိုင်ငံကို စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သတ်စေရုံသာမက ဤလုပ်ရပ်သည် လူကုန်ကူးမှု မြောက်နိုင်ပြီး ထိုင်းဥပဒေကိုလည်းအတိအလင်း ချိုးဖောက်ရာရောက်နေသည် ” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကနေ ၂၀၂၅ နိုဝင်ဘာအထိ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးအရာရှိတွေက မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိနဲ့ ပူးပေါင်းပြီး မြန်မာလုပ်သား ၃၅၀၀ ကျော်ကို ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ အတင်းအဓမ္မပြန်ပို့ခဲ့တာကြောင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းအတွက် လုပ်ဆောင်ရတာတွေရှိတယ်လို့ Fortify Rights က ပြန်လည်စေလွှတ်ခံခဲ့ရသူတွေရဲ့ ပြောဆိုချက်တွေနဲ့ အတူ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီလိုပို့ဆောင်ခဲ့တာတွေက ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ နိုင်ငံတကာရဲ့ ဥပဒေတွေအရ ညှင်းပမ်းနှိပ်စက်မှု ၊ အတင်းအဓမ္မပြန်လည်လွှဲပြောင်းပေးပို့ခြင်းနဲ့ လူကုန်ကူးမှုမြောက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒီလိုတရားမဝင်တဲ့ပို့ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့နဲ့ အဲဒီလိုလုပ်ဆောင်ဖို့အတွက် Fortify Rights အဖွဲ့အနေနဲ့ လည်း ပါဝင်ကူညီဖိို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

“ ထောင်ပေါင်းများစွာသော မြန်မာပြည်သူများကို စစ်မှူထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်း ၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် သေဆုံးနိုင်ခြေရှိသည့် အန္တရာယ်များကိုသိရှိပါလျက်နှင့် မြန်မာစစ်အုပ်စုလက်ထဲသို့ ထိုင်းအရာရှိများက တွန်းပို့နေခြင်းသည် အလွန်ရက်စက်ကြမ်းကြုတ်ရာရောက်ပါတယ်” Matthew Smith ကပြောပါတယ်။

ဒီထုတ်ပြန်ချက်အတွက် Fortify Rights အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရသူတွေအပါအဝင် လွှဲပြောင်းပေးပို့မှုမှာ ပါဝင်ခဲ့တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိ စုစုပေါင်း ၁၇ ဦးကို မေးမြန်းမှုတွေ ပြုလုပ်ပြီး အတည်ပြုခဲ့တာလို့ဆိုပါတယ်။

မြန်မာလုပ်သားတွေကို ပြန်ပို့တဲ့ အချိန်မှာ ထိုင်းဘက်ကအရာရှိတွေက စစ်ကောင်စီအရာရှိတွေကို ဆက်သွယ်ပြောဆိုမှုတွေရှိပြီး မြန်မာနိုင်ငံဘက်ရောက်ရှိချိန်မှာ စစ်မှူထမ်းဖို့အတွက် သေနတ်ထောက် ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတယ်လို့ ကာယကံရှင်တွေက ထွက်ဆိုထားကြောင်း Fortify Rights ကဆိုပါတယ်။

အဆိုပါတွေ့ရှိချက်တွေကို ရနောင်း လူဝင်မှုကြီးကြပ်ရေးမှုးရုံးရဲ့ ဒုတိယကြီးကြပ်ရေးမှူးထံကို Fortify Rightsအဖွဲ့ကတင်ပြခဲ့ပေမယ့် လူဝင်မှုကြီး ကြပ်ရေးဥပဒေ ပုဒ်မ ၅၄ အရလုပ်ဆောင်တာဖြစ်ပြီး မြန်မာဘက်ကိုရောက်ရင် ဘယ်ကိုပို့ဆောင်တာမသိဘူးလို့ အကြောင်းပြန်ကြောင်း ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေနဲ့ ပြည်တွင်းဥပဒေ နှစ်ရပ်လုံး အရ အတင်းအကျပ်ပြန်ပို့ခြင်း သို့မဟုတ် လူတစ်ဦးကို အသက်အန္တရာယ်ရှိသောနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းကို တားဆီးရန် ဥပဒေအရ တာဝန်ရှိတယ်လို့ Fortify Rightsက ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးအကျဉ်းကျခံပြီး ပြန်လွှတ်မြောက်လာသူတွေနဲ့ တရားမဝင်လာရောက်ပြီး ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီသံရုံးနဲ့ပူးပေါင်းပြီး နေရပ်ပြန်ပို့နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ကော့သောင်းမြို့ စက်လှေနဲ့ နေရပ်ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့သူတွေကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ပြီး တပ်သားစုဆောင်းနေတာ ဖြစ်ပါတယ်။

(ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို စက်လှေနဲ့ နေရပ်ပြန်ပို့ပေးမယ့် မြန်မာလုပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – စစ်ကောင်စီသံရုံး)

ဆက်စပ်သတင်းများ