close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းကြေကွဲ စိုးရိမ်ကြောင်း KNU ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး အသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေ အပေါ် အလွန်အမင်း ဝမ်းနည်းကြေကွဲရပြီး စိုးရိမ်ပူပန်မိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Wai Han Aung

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့နဲ့ ရာဇဝတ်မှုတွေ ထိရောက်စွာ အရေးယူဖို့ တိုက်တွန်း

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး အသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေ အပေါ် အလွန်အမင်း ဝမ်းနည်းကြေကွဲရပြီး စိုးရိမ်ပူပန်မိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီဇင်ဘာ ၁၀ရက် ညပိုင်းက မြောက်ဦးဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃၃ဦးထက်မနည်း သေဆုံးကာ ၇၀ ဦးကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပေါ် KNUက အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဆေးရုံကဲ့သို့ အရပ်သားဆိုင်ရာ အခြေခံအဆောက်အအုံကို တိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ကြင်နာမှုအလျဉ်းမရှိဘဲ ဒီဇင်ဘာ ၁၂ရက်ညမှာလည်း မြောက်ဦးကို ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ အရပ်သား ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို ပိုထိခိုက်စေခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူတွေနဲ့ အကာအကွယ်ထားရမယ့် ဆေး ဘက်ဆိုင်ရာအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်း အဆောက်အအုံတွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း KNUက ထုတ်ပြန်ကာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့၊ ရာဇဝတ်မှု တွေအတွက် တာဝန်ခံမှု ယူစေဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေ အတွက် တရားမျှတမှု ရရှိစေရေး နဲ့ အရပ်သားတွေအပေါ် ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေ အရေးပေါ်ဆောင်ရွက်ပေးဖို့လည်း KNUက တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင်ဒေသကိုသာမက KNU ထိန်းချုပ်နယ်မြေတွေကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

မြောက်ဦးဆေးရုံကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့တဲံ ဒီဇင်ဘာ ၁၀ရက်နေ့မှာပဲ စစ်ကောင်စီဟာ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လိန်ပင်ရွာကို ဗုံးကြဲခဲ့လို့ ပြည်သူ ၁ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရွှေခဲစုရွာကိုလည်း စစ်တပ်ကလက်နက်ကြီး ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ဦးသေဆုံးကာ နေအိမ်ပျက်စီးတာတွေရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ် ကျောက်စရစ်အနောက်ဘက်က ရွာက ဘုန်းကြီးကျောင်း က ဦးဇင်း ၁ပါး နဲ့ ပြည်သူ ၂ဦးသေဆုံးကာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ