ဒီဇင်ဘာ-၁၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကိုစစ်ကောင်စီ လေကြောင်း တိုက်ခိုက်တဲ့လုပ်ရပ်ဟာ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၀ရက် ညပိုင်းက မြောက်ဦးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃၅ ဦးသေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ အပေါ် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီဟာနိုင်ငံတဝှမ်းရှိ ဘုရားကျောင်း၊ စေတီပုထိုး၊ ဘုန်းကြီး ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ စာသင်ကျောင်းတွေအပြင် ပြည်သူလူထု အိုးအိမ်တွေပါမချိန် ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေတွေ၊ လူအခွင့်အရေးဆိုင်ရာအခြေခံမူတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကိုပါ တိုက်ရိုက် ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးတားဆီးအရေးယူပေးနိုင်ဖို့နဲ့ ထိခိုက်ခံစား နေကြရတဲ့ မြန်မာပြည်သူလူထုဘက်က စာနာရပ်တည်ပေးကြဖို့ ချင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။
ချင်းပြည် (Chinland) ကောင်စီအနေနဲ့လည်း စစ်ကောင်စီ အမြန်ဆုံး ပြုတ်ကျရေး၊ စစ် အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ရည်မှန်းချက်တူတိုင်းရင်းသားညီအစ်ကိုတော်လှန်ရေး အင်အားစုတွေနဲ့အတူ ညီညွတ်စွာ လက်တွဲတွန်းလှန်သွားမယ်လို့ ကြေညာပါတယ်။
ချင်းပြည်ကောင်စီနည်းတူ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းညီနောင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ကလည်း စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချထားပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
















































