ဒီဇင်ဘာ-၂၁၊၂၀၂၅။မိထက်/People’s Spring
ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာအာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၅
ရက်အတွင်း အသားလေးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာလ၁၆ရက်နေ့ကနေ ဒီဇင်ဘာလ၂၀ရက်နေ့အတွင်း လေးမျက်နှာမြို့နယ် ၊ ခတ်ချိုကုန်းကျေးရွာနဲ့ စောပြာကျေးရွာကို ပါရာမော်တာ၊ ဂျက်ဖိုက်တာတွေနဲ့ လေးကြိမ် ဗုံးကြဲခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့်၊ ခတ်ချိုကုန်းရွာက အမျိုးသား ၁ဦး၊ ရှောပြာရွာက အမျိုးသား၂ဦးအမျိုးသမီး၁ဦး သေဆုံးခဲ့ပြီး နေအိမ်၁၀လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။

Public Service Announcement
“ ရှောပြာကိုပိုပြီး ပစ်မှတ်ထားနေတာပါ။ လေကြောင်းကနေပေါင် ၂၅၀ ဗုံးတွေကြဲသွားတာ” လို့ လေးမျက်နှာမြို့ပေါ်မှာစစ်ဘေးရှောင်နေတဲ့ဒေသခံကပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ ၂၀၂၄ခုနှစ်ကတည်းကတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ စက်စက်ယိုရွာအပါအဝင် လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လမှာတိုက်ပွဲတွေထဲမှာ သိမ်းယူထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကတိုက်ပွဲတွေမှာလည်း လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူးပေါင်းတပ်တွေက ထပ်သိမ်းယူခဲ့ပါတယ်။
တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်(၂၉)ဗျူဟာက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ရွှေသောင်ယံမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီဒေသတွေမှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
















































