ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring
အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးအပါအဝင် ရခိုင်ပြည်တဝန်းလုံးအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့က ဒီကနေ့ (ဒီဇင်ဘာ ၁၆ရက်)မှာ ပူးတွဲထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ စုဝေးနေထိုင်ရာ နေရာတွေကို ဦးတည်ပစ်မှတ်ထားကာ ရခိုင်ပြည်တဝန်းလုံးအပါအဝင် မြန်မာပြည်အနှံ့အပြားအား နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဖော်ပြပြီး ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာပင် မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ဗုံးကြဲလို့ ဆေးကုသမှုခံယူနေကြတဲ့ကလေးသူငယ်၊ ကိုယ်ဝန် ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားပြည်သူ (၃၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၇၇)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၁ရက်မှာ ကျောက်ဖြူမြို့နယ် ငလုံးစု အထက်ရွာနဲ့ အောက်ရွာကို ထပ်မံ ဗုံးကြဲခဲ့လို့ စစ်ရှောင်တွေ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
နောက်ရပ်တွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုဆက်လုပ်ခဲ့တဲ့ စစ်ကောင်စီ လုပ်ရပ် ပြည်သူလူထုအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်၊အပြုံလိုက် ထိခိုက်သေဆုံး စေတဲ့စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီ လုပ်ရပ်တွေဟာ မြန်မာပြည်အား ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက် ပေးကြပါရန် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်”လို့လည်း MNDAAနဲ့ TNLAက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် ဦးမင်းကိုနိုင် အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၄၅ခု ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့ ညမှာ ထုတ်ပြန်ပါတယ်။
“အကြမ်းဖက်စစ်တပ်ကမြောက်ဦးပြည်သူ့ဆေးရုံကိုဗုံးကြဲပြီး ပြည်သူ လူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်သည်။ ၎င်းဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်၏ လူမျိုးရေးမုန်တီးလှုံ့ဆော် လမ်းလွှဲနေခြင်းအား သတိပြုကြရမည် ဖြစ်သည်”လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်တွေကို တညီတညွတ်တည်း တော်လှန်နေကြသူသွေးချင်းများဖြစ်လို့ မည်သူထိခိုက်နစ်နာသည်ဖြစ်စေ အတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ သန္နိဌာန်ပြုကြောင်းလည်း တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်မှာ ဖော်ပြထားပါတယ်။
















































