ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကျေးရွာအချို့က ပြည်သူလူထုနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၁ရက် သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၉ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ် ကုန်းမဟတ်ကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြလာတာပါ။ မီးရှို့မှုကို ဗန်းမော်ရှိ ခလရ(၄၇)တပ်ရင်း နဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ကလုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ KIA ပူးပေါင်းတပ်ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ငြိမ်သက်နေချိန်မှာ စစ်ကောင်စီက ပြည်သူ့နေအိမ်တွေကို မီးရှို့နေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် ဗန်းမော်မြို့ ဧရာ၀တီမြစ်ကြောတလျှောက် ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လို့ ပြည်သူသေဆုံးထိခိုက်တာ၊ နေအိမ်ပျက်စီးတာတွေရှိကြောင်းလည်း သတင်းဖော်ပြပါတယ်။
ဗန်းမော်မြို့ အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
KIAဟာ ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းစစ်ဆင်ရေးဟာ တစ်နှစ်ကြာပြီဖြစ်ပါတယ်။



















































