Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သူ့ဦးလေးကို အီရီထရီးယား တပ်တွေ သတ်ဖြတ်ခဲ့တယ်လို့ WHO အကြီးအကဲပြော

အီသီယိုးပီးယား အစိုးရက ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ တီဂရေး သူပုန်တွေအတွက် နိုင်ငံရေး၊ သံတမန်ရေးအရ ကူညီ ရပ်တည်ပေးနေကြောင်း စွပ်စွဲထားပေမယ့် သူကိုယ်တိုင်ကတော့ ငြင်းဆန်ထားပါတယ်။

သူ့ဦးလေးကို အီရီထရီးယား တပ်တွေ သတ်ဖြတ်ခဲ့တယ်လို့ WHO အကြီးအကဲပြော
သူ့ဦးလေးကို အီရီထရီးယား တပ်တွေ သတ်ဖြတ်ခဲ့တယ်လို့ WHO အကြီးအကဲပြော

သူ့ရဲ့ ဦးလေးဟာ အီရီထရီးယား အစိုးရ တပ်တွေက သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲ ဒေါက်တာတက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောကြားလိုက်ပါတယ်။

ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ အီသီယိုးပီးယား ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး လတ်တလော ပြည်တွင်းစစ် ဖြစ်ပွားနေရာ တီဂရေး ပြည်နယ်က ဒေသခံ တစ်ဦးပါ။ တီဂရေးမှာ ပြည်နယ် အစိုးရနဲ့ အီသီယိုးပီးယား ဗဟို အစိုးရတို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အစောပိုင်းမှာ ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆွေမျိုးတွေနဲ့ပါ အဆက်အသွယ် ပြတ်နေတယ်လို့ အရင်တုန်းက တစ်ကြိမ် ပြောကြားခဲ့ဖူးပါတယ်။

အီသီယိုးပီးယား ပြည်တွင်းစစ်မှာ အိမ်နီးချင်း အီရီထရီးယား နိုင်ငံကလည်း အစိုးရ တပ်တွေဖက်ကနေ ပါဝင် ကူညီ တိုက်ခိုက်ပေးခဲ့ပါတယ်။ အဲဒီ စစ်ပွဲတွေအတွင်း တီဂရေးမှာ လူပေါင်း ထောင်သောင်းချီ သေဆုံးပြီး သန်းနဲ့ချီ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တော်မှာ ကျင်းပတဲ့ WHO သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာ ဂျီဘရီယီးဆက်စ်က သူဟာ ဦးလေးဖြစ်သူ သတ်ဖြတ်ခံရတဲ့ သတင်းကို လတ်တလော ကြားသိလာပြီး အရမ်း တုန်လှုပ် ဝမ်းနည်းနေတာကြောင့် အစီအစဉ် ဖျက်ဖို့တောင် စဉ်းစားမိခဲ့ကြောင်း ပြောသွားပါတယ်။ လတ်တလော ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အခုလို ရူးမိုက် ရမ်းကားတဲ့ သွေးဆာမှုတွေ အဆုံးသတ်သွားစေဖို့ အလေးအနက် မျှော်လင့်ကြောင်း၊ သူ့အတွက်တော့ လက်ရှိ အချိန်ဟာ အရမ်း ခက်ခဲလွန်းကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

အီရီထရီးယား ပြန်ကြားရေးဝန်ကြီး ယီမာနေး ဂျီဘရီမက်စ်ကဲလ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာသဘောထား မှတ်ချက်မှ မပေးခဲ့ပါဘူး။ အီသီယိုးပီးယားမှာ အစိုးရ တပ်တွေနဲ့ တီဂရေး ပြည်နယ် အစိုးရ တပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပေမယ့် တီဂရေးမှာ ဝင်ရောက် လှုပ်ရှားနေတဲ့ အီရီထရီးယား တပ်တွေနဲ့ တီဂရေး ဘက်တော်သား လက်နက်ကိုင် အင်အားစုတွေကတော့ အဲဒီ သဘောတူညီမှုမှာ မပါဝင်ဘဲ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

အီသီယိုးပီးယား အစိုးရက ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ တီဂရေး သူပုန်တွေအတွက် နိုင်ငံရေး၊ သံတမန်ရေးအရ ကူညီ ရပ်တည်ပေးနေကြောင်း စွပ်စွဲထားပေမယ့် သူကိုယ်တိုင်ကတော့ ငြင်းဆန်ထားပါတယ်။

You May Also Like

နိုင်ငံတကာ

အဲဒီရောဂါဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ထပ်ဆင့် ကူးစက်နိုင်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်အများဆုံးလို့လည်း WHOရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဒီသဘောတူညီမှုဟာ ကြိုဆိုရမယ့် ခြေလှမ်းသစ်ဖြစ်ပြီး ပဋိပက္ခတွေကြောင့် အကြီးအကျယ် ဒုက္ခခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အီသီယိုးပီးယား ပြည်သူတွေဆီ အကူအညီတွေ အမြန်ဆုံး ပေးပို့နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗိုလ်ချုပ် ဘူလ်ဂါကော့ဗ်ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပို့ စီမံကိန်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူ ကြီးကြပ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ဆီးရီးယားမှာ တပ်ဖြန့်ခဲ့တဲ့ ရုရှားတပ်တွေအတွက် ထောက်ပံ့ရေး ကဏ္ဍကို အဓိက တာဝန်ယူပေးခဲ့ဖူးပါတယ်။