close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ပူတင် ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးမယ်လို့ အတည်ပြု

ယူကရိန်း စစ်ပွဲအရေး ဆွေးနွေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ အမေရိကန်မှာ လာမယ့် သီတင်းပတ်ကျရင် တွေ့ဆုံကြမယ်လို့ သိရပါတယ်။

Bloomberg

ယူကရိန်း စစ်ပွဲအရေး ဆွေးနွေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ အမေရိကန်မှာ လာမယ့် သီတင်းပတ်ကျရင် တွေ့ဆုံကြမယ်လို့ သိရပါတယ်။

ရုရှားပိုင်နက်နဲ့ အနီးကပ်ဆုံး အမေရိကန် နယ်မြေဖြစ်တဲ့ အလာစကာ ပြည်နယ်မှာ ဩဂုတ် ၁၅ ရက်ကျရင် ထရမ့်နဲ့ ပူတင်တို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းကို ထရမ့်က လူမှုကွန်ရက်မှာ စတင် ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ဖက်ကလည်း အတည်ပြုခဲ့ပါတယ်။

အလာစကာမှာ ပြုလုပ်မယ့် တွေ့ဆုံပွဲပြီးရင် နောက်ဆက်တွဲ ဆွေးနွေးမှုတွေအတွက် ထရမ့်ကို ရုရှားဆီ ဖိတ်ခေါ်ထားတယ်လို့လည်း ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင် တွေ့ဆုံကြမယ့် ကိစ္စကို ယူကရိန်း အစိုးရကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လကတည်းက စတင်ခဲ့တဲ့ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် နယ်မြေတချို့ အဆုံးရှုံးခံဖို့ ယူကရိန်းက လက်ခံထားကြောင်း ထရမ့်က အရိပ်အမြွက် ထုတ်ပြောခဲ့ပြီး မကြာခင်မှာ သူနဲ့ပူတင် မျက်နှာချင်းဆိုင် တွေ့ဆုံမယ့် အကြောင်းကို ကြေညာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသမ္မတဖြစ်လာရင် ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပြမယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။ လက်ရှိမှာလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိလာအောင် ထရမ့်က နှစ်နိုင်ငံစလုံးကို ဖိအားပေးနေပါတယ်။

နယ်မြေတွေ ရရှိဖို့ လွန်ခဲ့တဲ့ သုံးနှစ်ခွဲလုံးလုံး အပြင်းအထန် စစ်ခင်းနေခဲ့ကြကြောင်း၊ ရုရှား အများအပြား သေကြေခဲ့သလို ယူကရိန်းတွေ အများကြီးလည်း အဲဒီအတွက် သေဆုံးခဲ့ရကြောင်း ထရမ့်က ဩဂုတ် ၈ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

အခြေအနေတွေက အရမ်း ရှုပ်ထွေးပြီး ပြန်ရတဲ့ နယ်မြေတွေ၊ အလဲအလှယ် လုပ်ရတဲ့ နယ်မြေတွေ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ နှစ်ဖက်စလုံးအတွက် ပိုကောင်းဖို့ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ထရမ့်က ဆိုပါတယ်။ သူက စစ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိအောင် နယ်မြေတွေကို ဘယ်လို ခွဲဝေမလဲ ဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။

နိုင်ငံတကာ သတင်းဌာနကြီး တချို့ကတော့ ထရမ့်ဟာ ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ဒွန်းဘက်စ်ခ် ဒေသ တစ်ခုလုံးကို ရုရှားဆီ လွှဲပေးဖို့၊ ၂၀၁၄ ကတည်းက ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားဆီ ပေးအပ်ဖို့ အဆိုပြုချက်တွေကို လိုက်လျောလက်ခံအောင် အနောက်မဟာမိတ် ဥရောပ နိုင်ငံတွေကို စည်းရုံးနေကြောင်း ဖော်ပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရုရှားတပ်တွေက တစ်စိတ်တပိုင်း ထိန်းချုပ်ထားရာ ခါဆွန်နဲ့ ဇာပိုရစ်ဇီရာ ဒေသတွေကို လက်လွှတ်ပြီး ပြန်လည် ဆုတ်ခွာပေးဖို့ ဆိုတာမျိုး အမေရိကန်က ကြားဝင် အဆိုပြုထားတယ်လို့ ယုံကြည်ရပါတယ်။ အခုသီတင်းပတ်ထဲမှာ မော်စကိုမြို့ဆီ သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံခဲ့သူ အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကလည်း အဲဒီ ကမ်းလှမ်းမှုကို ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

ပူတင်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ ကြားမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နှစ်ဖက် တောင်းဆိုမှုတွေဟာ လက်ရှိ အချိန်ထိ အဆင်ပြေမယ့် အလားအလာ မမြင်ရသေးပါဘူး။ ဇီလန်စကီးဟာ အပစ်ရပ်ဖို့အတွက် နယ်မြေတွေ လက်လွှတ်ပေးရမယ်ဆိုတဲ့ အဆိုပြုချက်မျိုးကို ငြင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို အင်အား အလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့ချိန်မှာ တစ်နိုင်ငံလုံးကို အမြန်ဆုံး သိမ်းပိုက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အဲဒီ ရည်မှန်းချက် ကျရှုံးခဲ့ပါတယ်။ အခုအခါ စစ်ပွဲက ၃ နှစ်ခွဲလောက်ထိ ကြာမြင့်လာသလို ယူကရိန်း ပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံလောက်ကိုသာ ရုရှားက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

အမေရိကန်နဲ့ ရုရှား သမ္မတတွေ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာက ယူကရိန်းစစ်ပွဲ မစတင်ခင် ၂၀၂၁ တုန်းကဖြစ်ပြီး အဲဒီတုန်းက ပူတင်နဲ့ ဂျိုးဘိုင်ဒန်တို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ