ဒုတိယ ကမ္ဘာစစ်တုန်းကသာ ဆာ ကီရာ စတာမာက ဝန်ကြီးချုပ် တာဝန်ယူထားခဲ့မယ်ဆိုရင် ဗြိတိန်ဟာ စစ်ရှုံးခဲ့မှာ သေချာတယ်လို့ အစ္စရေး နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။
ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးကို အပြည့်အဝ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ အဆိုပြုချက်ကို အစ္စရေး လုံခြုံရေး အစိုးရ အဖွဲ့က ထောက်ခံ အတည်ပြုခဲ့တဲ့အပေါ် ဗြိတိန် ဝန်ကြီးချုပ် စတာမာက ကန့်ကွက် ဝေဖန်ခဲ့ပါတယ်။
စတာမာရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရရဲ့ သံအမတ်ကြီး မိုက်ခ်ဟက်ကာဘီက စတာမာကို လူမှုကွန်ရက်ပေါ်မှာ ထိုးနှက်လိုက်တာပါ။ သူဟာ အစ္စရေး နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တာဝန်ပေး ခန့်အပ်ခြင်းကို ခံထားရသူ ဖြစ်ပါတယ်။
မကြာသေးခင်က ဟားမားစ် ပြောက်ကျားတွေဟာ လက်ရှိ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ တစ်ဦး အစာငတ်ပြီး ပိန်ချုံးနေတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ စတာမာကို သူက ဝေဖန်တဲ့အခါ အဲဒီအကြောင်းကို ဟက်ကာဘီက ထည့်သွင်း ကိုးကားပြထားခဲ့ပါတယ်။

Public Service Announcement
စတာမာ ဖြစ်စေချင်နေတာက ဓားစာခံတွေကို အငတ်ထားပြီး နှိပ်စက်နေတဲ့ ဟားမားစ်တွေကို အစ္စရေး အလျှော့ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လားလို့ သူက မေးခွန်းထုတ်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းကရော ဗြိတိန်ဟာ နာဇီ ဂျာမနီတွေကို အရှုံးပေးပြီး ရိက္ခာတွေ ချပေးခဲ့သလား၊ စတာမာသာ အဲဒီတုန်းက ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် အခုအခါ ဗြိတိန်ဟာ ဂျာမန်စကားပြော နိုင်ငံ ဖြစ်နေလောက်ပြီလို့လည်း သူက ရေးသားထားပါတယ်။ အဓိပ္ပါယ်ကတော့ စတာမာရဲ့ ပျော့ညံ့မှုကြောင့် ဗြိတိန်ကို နာဇီ ဂျာမနီက သိမ်းယူနိုင်ခဲ့လိမ့်မယ်လို့ ဆိုလိုတာပါ။
စတာမာက ဂါဇာစီးတီးကို သိမ်းယူမယ့် အစ္စရေးရဲ့ အစီအမံဟာ မှားယွင်းကြောင်း ဝေဖန်ခဲ့ပြီး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်လာနိုင်တာကြောင့် အစ္စရေး အစိုးရ အနေနဲ့ ပြန်စဉ်းစားသင့်တယ်လို့ ထုတ်ပြောခဲ့တဲ့နောက် အစ္စရေး လိုလားသူ တစ်ဦးအဖြစ် လူသိများတဲ့ ဟက်ကာဘီက သမိုင်းကြောင်းပါ ပြန်လှန်ပြီး သူ့ကို ဝေဖန်ခဲ့တဲ့ သဘောပါပဲ။
လူမှုကွန်ရက် မီဒီယာ Xမှာတော့ ဟက်ကာဘီက စတာမာကို တိုက်ရိုက် လိပ်မူပြီး ဒရက်ဒ်စတန် ဆိုတာနဲ့ နာမည်ကိုရော ကြားဖူးရဲ့လားလို့ မေးခွန်းထုတ်ခဲ့သလို အဲဒီတုန်းက ဗြိတိန် ချပေးခဲ့တာ ရိက္ခာတွေ မဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်နဲ့ ဗြိတိန် မဟာမိတ်တွေဟာ ဂျာမနီ အရှေ့ပိုင်းက ဒရက်ဒ်စတန်မြို့ကို ဗုံးတန်ချိန် ၄၀၀၀ လောက် အစုအပြုံလိုက် ကြဲချခဲ့တာကို ဟက်ကာဘီက ဆိုလိုတာ ဖြစ်ပါတယ်။
နေတန်ညာဟုဟာ အစောပိုင်းတုန်းက ဂါဇာကမ်းမြှောင်ဒေသ တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ် သိမ်းယူဖို့ ရည်ရွယ်ခဲ့ပေမယ့် အစ္စရေးစစ်တပ်၊ အစိုးရအဖွဲ့တို့ကြား အကျေအလည် ညှိနှိုင်းမှုတွေအပြီး ဂါဇာစီးတီးနဲ့ ဂါဇာမြောက်ပိုင်း ဧရိယာတွေကိုပဲ အဓိက အာရုံစိုက် ထိန်းချုပ်ဖို့ ပြောင်းလဲ လက်ခံခဲ့တာလို့ သိရပါတယ်။
ကိုးကား: BBC
