close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ တစ်နှစ်အတွင်း လူဦးရေ တစ်သန်းနီးပါး လျော့ကျ

နိုင်ငံရဲ့ လူဦးရေ ကျဆင်းမှု ပြဿနာဟာ စံချိန်တင် အဆင့်ထိ ဆိုးရွားလာနေတယ်လို့ ဂျပန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Getty

နိုင်ငံရဲ့ လူဦးရေ ကျဆင်းမှု ပြဿနာဟာ စံချိန်တင် အဆင့်ထိ ဆိုးရွားလာနေတယ်လို့ ဂျပန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ဂျပန်မှာ မွေးဖွားတဲ့ ကလေးဦးရေဟာ စုစုပေါင်း သေဆုံးသူ ဦးရေထက် တစ်သန်းနီးပါး လျော့ကျခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဂျပန်လူဦးရေက တစ်သန်းလောက် အနုတ်ပြသွားတဲ့ သဘောပါပဲ။ ဒါဟာ ၁၉၆၈ ခုနှစ်နောက်ပိုင်း စနစ်တကျ ကောက်ယူလာတဲ့ နှစ်အလိုက် လူဦးရေ အပြောင်းအလဲ စစ်တမ်းတွေမှာတော့ စံချိန်တင် ကျဆင်းမှု ဖြစ်ခဲ့ပါတယ်။

ပြီးတော့ ဂျပန်ရဲ့ လူဦးရေမှာ သက်ကြီးရွယ်အိုတွေ အချိုးအစားကလည်း မြင့်တက်လာနေပါတယ်။ ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက လက်ရှိ ဂျပန်မှာ ကြုံတွေ့နေရတဲ့ လူဦးရေ ကျဆင်းမှု၊ သက်ကြီးရွယ်အို တိုးပွားမှုတွေဟာ အတော်လေး အရေးပေါ် အဆင့်မျိုး ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အစိုးရ အနေနဲ့ လူဦးရေ တိုးနှုန်းကို အထောက်အပံ့ ဖြစ်စေဖို့ အခမဲ့ ကလေးမီးဖွားခွင့်ပေးတာ၊ မိသားစုနဲ့ အချိန်ပေးနိုင်မယ့် အလုပ်ချိန်မျိုးတွေ ပြောင်းလဲ သတ်မှတ်ပေးတာမျိုး အပြောင်းအလဲတွေ အကောင်အထည် ဖော်သွားမယ်လို့ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ ဂျပန်အမျိုးသမီးတွေမှာ ကလေးယူနှုန်း ကျဆင်းနေတဲ့ ပြဿနာကို အာဏာပိုင်တွေက ကုစားဖြေရှင်းဖို့ ကြိုးစားနေတာတွေ ခရီးမရောက်သေးဘဲ ဖြစ်နေဆဲပါ။

အခုသီတင်းပတ်ထဲမှာ ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း ဂျပန်မှာ သေဆုံးသူ ဦးရေက ကလေးမွေးဖွားတဲ့ အရေအတွက်ထက် ၉၀၈၅၇၄ ဦးထိ ပိုများခဲ့တယ်လို့ သိရပါတယ်။ တစ်နှစ်တာအတွင်း ဂျပန်မှာ လူ ၁.၆ သန်းနီးပါးလောက် သေဆုံးခဲ့ပေမယ့် ကလေးမွေးခဲ့တဲ့ ဦးရေကတော့ ၆၈၆၀၆၁ ဦးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၁၈၉၉ နောက်ပိုင်း နိုင်ငံရဲ့ အနိမ့်ဆုံး ကလေးမွေးဖွားနှုန်း အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျပန်ဟာ လူဦးရေ ကျဆင်းမှု ပြဿနာကို ၁၆ နှစ်ဆက်တိုက် ရင်ဆိုင်ကြုံတွေ့နေရပြီး တစ်ဖက်မှာတော့ နိုင်ငံရဲ့ ပင်စင်ထုတ်ပေးမှုနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကဏ္ဍအပေါ် တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။

ဂျပန်မှာ အခြေချတဲ့ နိုင်ငံခြားသား ဦးရေကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ထိ စာရင်းတွေအရ စံချိန်တင် အမြင့်ဆုံးအဖြစ် ၃.၆ သန်းထိ ရောက်ရှိလာပါတယ်။ ဒါပေမဲ့ အဲဒီ ကိန်းဂဏန်းဟာ ဂျပန်လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ရှိတဲ့ အချိုးအစားလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ