စက်တင်ဘာ-၃၊ ၂၀၂၅။ People’s Spring
တရုတ်နိုင်ငံက အကြမ်းဖက်စစ်အုပ်စုကိုအသိမှတ်ပြုခြင်းအား ဆိုင်းငံ့ထားဖို့ကိစ္စအပါအဝင် အချက် ၃ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က စက်တင်ဘာ ၁ ရက်မှာ တိုက်တွန်းစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
NUG ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရဆီကို တိုက်တွန်းစာပေးပို့ခဲ့တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့အကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုခြင်းအား ဆိုင်းငံ့ထားဖို့၊ အကြမ်းဖက်စစ်အုပ်စုက တောင်းဆိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကိစ္စကို ငြင်းပယ်ဖို့၊ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတဟု ရည်ညွှန်းကိုးကားခြင်းကို ရပ်စဲဖို့ စတဲ့အချက်(၃)ချက်ကို NUG ရဲ့ တိုက်တွန်းစာမှာ ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယုံကြည်နေဆဲဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို စနစ်
တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး အဲဒီလုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့တဲ့အပြင် မြန်မာပြည်ရဲ့လူဦးရေ ထက်ဝက်နီးပါးကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့ကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကိုလည်း အဟန့်အတားဖြစ်စေခဲ့ကြောင်း NUG စာမှာ ထည့်သွင်းဖော်ပြတယ်လို့ သိရပါတယ်။
၂၀၂၀ခုနှစ်မှာ သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတဦးဝင်းမြင့်တို့ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း(CMEC) အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့ကြောင်း ထည့်သွင်းဖော်ပြထားတယ်လို့ NUG နိုင်ငံခြားရေးက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ(EROs)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)ဟာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကို ရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေရုံသာမက ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီ ဦးတည်ဆောင်ရွက်နေတယ်လို့ဖော်ပြပါတယ်။
အဲဒီလို အားလုံးပါဝင်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် အခြေခံတဲ့ စုပေါင်းခုခံတော်လှန်ရေးအောင်မြင်မှုဟာ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတခုဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံရာမှာ စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လို့ တရုတ်အစိုးရက သုံးနှုန်းခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းခြင်း၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ခြင်းကိုအားပေးထောက်ခံတယ်လို့ မင်းအောင်လှိုင်နဲ့တွေ့ဆုံစဥ် ပြောခဲ့ကြောင်းရန်ကုန်မြို့ တရုတ်သံရုံးကသတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဟာမြန်မာနိုင်ငံငလျင်အပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း၊ ပြည်သူ့လူနေမှုဘဝမြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်းကာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးကိုလည်း ထောက်ခံနေတယ်လို့ သမ္မတရှီက ပြောတယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကစီမံကိန်းတွေကို တွန်းအားပေးပြီး စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကြရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးတွဲတိုက်ဖျက်ခြင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွထိန်းသိမ်းကာ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းမှဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးရမယ်လို့ သမ္မတရှီက ပြောကြားကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကတော့တရုတ်အစိုးရက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ် ။
