close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ လှုပ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၅ ငလျင်ကြီးကြောင့် ၃၀ ကျော် ဒဏ်ရာရ

ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၅ အဆင့် ငလျင်ကြီးအတွင်း လူပေါင်း ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၅ အဆင့် ငလျင်ကြီးအတွင်း လူပေါင်း ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက် ညပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ရေအောက် ငလျင်ကြီး လှုပ်ခတ်ခဲ့တာပါ။ မူလက ငလျင်ရဲ့ ပြင်းအားကို မဂ္ဂနီကျု ၇.၂ လို့ ဖော်ပြခဲ့ပေမယ့် နောက်တော့ ၇.၅ လို့ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။

ငလျင်ကြောင့် ဂျပန် အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟော့ကိုင်းဒိုး၊ အေမိုရီနဲ့ အီဝါတီဒေသတွေက ကမ်းခြေတချို့မှာ ၁၀ ပေလောက် အမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးခဲ့ပြီး လက်တွေ့မှာတော့ အမြင့် ၂ ပေခွဲနီးပါးလောက် လှိုင်းတွေပဲ ရိုက်ခတ်ခဲ့ပါတယ်။ အစောပိုင်းက ကမ်းရိုးတန်းဒေသ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းကြဖို့ သတိပေးခဲ့ပေမယ့် နာရီပိုင်း အကြာမှာ ဆူနာမီ အန္တရာယ် ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်အပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မထုတ်ပြန်သေးပေမယ့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ကျည်ဆန်ရထား ပြေးဆွဲမှုတချို့ ရပ်ဆိုင်းထားခဲ့ရပါတယ်။ ပြီးတော့ အိမ်ခြေ ထောင်နဲ့ချီ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိနဲ့ အာဏာပိုင်တွေက လာမယ့် ရက်ပိုင်းတွေအတွင်း ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်တွေ ဆက်လက် လှုပ်ခတ်နိုင်ကြောင်း ပြည်သူတွေကို သတိပေးထားပြီး အဲဒီအတွက်လည်း ကြိုပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ တကအိချိက ငလျင်ကြီးနဲ့ ဆက်စပ်ပြီး ဒဏ်ရာရခဲ့သူ ၃၀ ကျော် ရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ဒေသတွင်းမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ခုမှာတော့ ဘယ်လို မူမမှန်တဲ့ ပြဿနာမျိုးမှ မရှိခဲ့ကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဂျပန် အစိုးရဟာ ငလျင်နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ ဆန်းစစ်ဖို့နဲ့ အရေးပေါ် တုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့အတွက် အကျပ်အတည်း စီမံကိုင်တွယ်ရေး စင်တာ တစ်ခုကိုပါ ဖွင့်လှစ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဆန်းစစ်ပြီး လိုအပ်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့ အချိန်နဲ့ တပြေးညီ အားစိုက် လုပ်ဆောင်နေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုးရူး ကိဟာရာက ပြောပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိပြီး အားပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်မှုကို အကြိမ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ ပျမ်းမျှအနေနဲ့ ဂျပန်မှာ ပြင်းအားမတူတဲ့ ငလျင်အရေအတွက် ၁၅၀၀ လောက် နှစ်စဉ် လှုပ်ခတ်လေ့ ရှိပါတယ်။

၂၀၁၁ ခုနှစ်၊ မတ်လတုန်းက လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၉.၀ ငလျင်ကြီးကြောင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေပါ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၀၀၀၀ နီးပါးသေခဲ့သလို ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံကနေ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ လူ့သမိုင်းမှာ အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်စဉ်တစ်ခု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဟာ ဂျပန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၂ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံမှာ အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပြီး ဒေသခံတွေလည်း အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

သတင်း

အမေရိကန် နိုင်ငံရဲ့ အလာစကာ ပြည်နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက်နေ့က ပြင်းအားအဆင့် မဂ္ဂနီကျု ၇.၀ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ် ဂျက်တိုက်လေယာဉ်တွေက ဂျပန် စစ်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်တာမျိုးတွေ လုပ်ခဲ့ကြောင်း ဂျပန်က စွပ်စွဲခဲ့ပါတယ်။