အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ကို ဘယ်အချိန်ကျမှ ဆုချီးမြှင့်လို့ ရမလဲဆိုတာ မသိသေးကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။
မူလက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုကို ဒီဇင်ဘာ ၁၀ ရက်မှာ နိုဘယ်လ်ဆု ချီးမြှင့်ပေးအပ်ဖို့ လျာထားခဲ့ပေမယ့် ဆုလက်ခံမယ့်သူက ပုန်းအောင်း တိမ်းရှောင်နေရတာကြောင့် အခမ်းအနားကို ဖျက်သိမ်းခဲ့ရပါတယ်။
မာချာဒိုဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ ပစ်မှတ်ထား ရှာဖွေခြင်းကို ခံနေရပြီး သူဘယ်မှာ ရှိနေသလဲဆိုတာ လုံးဝ သဲလွန်စ ပျောက်ကွယ်နေတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၄ တုန်းက အငြင်းပွားစရာ အခြေအနေတွေနဲ့ မာဒူရို အနိုင်ရသွားခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း မာချာဒိုဟာ တောက်လျှောက် ပုန်းအောင်းနေခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဗင်နီဇွဲလားအတွက် ဒီမိုကရေစီကို ဆောင်ကြဉ်းပေးနိုင်အောင် အားထုတ်ခဲ့တာတွေကြောင့် အခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုလက်ခံဖို့ မဖြစ်နိုင်တာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။

Public Service Announcement
မာချာဒိုဟာ ဘယ်အချိန်ကျမှ ဆုကို ကိုယ်တိုင် လက်ခံယူနိုင်မလဲ ဆိုတာကိုလည်း မခန့်မှန်းနိုင်သေးကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။
မူလက မာချာဒိုဟာ ဆုပေးပွဲ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က ကြေညာထားပေမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ နော်ဝေးနိုင်ငံ၊ အော့စလိုမြို့ထိ မာချာဒို လာရောက်ရမယ့် ခရီးက စိန်ခေါ်မှုတွေ များလွန်းတာကြောင့် ၁၀ ရက်နေ့မှာ ဆုပေးအပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။
လောလောဆယ် မာချာဒို ဘယ်ရောက်နေလဲ၊ အော့စလိုကို ဘယ်နေ့ကျမှ ရောက်လာမလဲ ဆိုတာတွေကိုလည်း အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ မာချာဒိုရဲ့ မိသားစုကတော့ အော့စလိုကို ကြိုတင် ရောက်ရှိနှင့်နေပြီး ဖြစ်ပါတယ်။
ဗင်နီဇွဲလား အစိုးရဟာ မာချာဒိုသာ ဗင်နီဇွဲလားက ထွက်ခွာသွားမယ်ဆိုရင် ဝရမ်းပြေးအဖြစ် သတ်မှတ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မာချာဒိုဟာ လူမြင်ကွင်းရှေ့ကနေ လုံးဝ ကိုယ်ရောင်ဖျောက် ပုန်းအောင်းနေပေမယ့်လည်း နောက်ခံ အဖြူရောင် နံရံကြီးရှေ့မှာ ရိုက်ကူးထားတဲ့ ဗီဒီယို မိန့်ခွန်းတွေကိုတော့ လူမှုကွန်ရက် မီဒီယာပေါ် မကြာခဏ တင်လေ့ရှိပါတယ်။ လောလောဆယ်မှာတော့ သူဘယ်နေရာမှာ ရှိနေသလဲ ဆိုတာက အားလုံးအတွက် ပဟေဠိ ဖစ်နေဆဲပါ။
၂၀၂၄ ရွေးကောက်ပွဲမှာ အတိုက်အခံ အင်အားစုတွေဖက်က အနိုင်ရကြောင်း ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိခဲ့ပေမယ့် မာဒူရိုက ပယ်ချပြီး သူသာ အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အပါအဝင် နိုင်ငံတချို့ကတော့ အတိုက်အခံတွေရဲ့ သမ္မတလောင်းဖြစ်သူ အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်ကိုပဲ ဗင်နီဇွဲလား သမ္မတအဖြစ် သဘောထားပြီး ဆက်ဆံကြပါတယ်။ မာချာဒိုကတော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ကနေ ပိတ်ပင်ခြင်း ခံထားခဲ့ရပါတယ်။
ကိုးကား: BBC
















































