စစ်ကိုင်းတိုင်း နာဂဒေသ နန်းယွန်းမြို့နယ်ရှိ မြန်မာနှင့် အိန္ဒိယ နယ်စပ်ထွက်ပေါက်တစ်ခုဖြစ်သော ပန်ဆောင်နယ်စပ်ဂိတ်မှ ဒေသတွင်းနယ်စပ်ကုန်သွယ်မှုများကို ယခုနှစ် ဇူလိုင် ၂၀ တွင် ပြန်စမည်ဟု သိရသည်။
နာဂဒေသ ပန်ဆောင်နယ်စပ်သည် အိန္ဒိယနိုင်ငံ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် ထိစပ်နေပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားသည့် ၂၀၂၀ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုများကို ရပ်တန့်ခဲ့ရာမှ ယခုအခါ တရားဝင်ပြန်စခြင်းဖြစ်ကြောင်း စစ်ကိုင်းအခြေစိုက် အမည်မဖော်လိုသည့် နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ဖွင့်တာတော့ဟုတ်တယ်။ ကြီးကြီးမားမားပြင်ဆင်မှုအတိုင်းအတာတစ်ခုကတော့မရှိပါဘူး။ ပုံမှန်ဖွင့်မယ့်အတိုင်းအတာတစ်ခုပါပဲ။ အရင်တုန်းက မဖွင့်ပေမယ့်လည်း သူဟာနဲ့သူကတော့ နည်းနည်းပါးပါး တရားဝင်မဟုတ်ပေမယ့် ကူးသန်းသွားလာနေကြတာပေါ့”ဟု ထိုကုန်သည်က ပြောသည်။
ယခုနှစ် ဇူလိုင်လဒုတိယပတ်တွင် ပန်ဆောင်ဈေးကော်မတီနှင့် နန်ပေါင်နယ်စပ်ကုန်သည်အသင်း တာဝန်ရှိသူများတွေ့ဆွေးနွေးခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်မှုပြန်စရန် အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ် ဒေသအာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဈေးကို တစ်လလျှင် သုံးကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံလွတ်လပ်စွာ သွားလာခွင့် Free Movement Regime (FMR) စနစ်အရ နှစ်ဖက်နယ်စပ်ဒေသမှ ၁၀ ကီလိုမီတာအတွင်းရှိ ဒေသခံများသာ နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ခွင့်ရရှိမည်ဖြစ်သည်ဟု အိန္ဒိယအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။
ပန်ဆောင်နယ်စပ်သည် အိန္ဒိယ- မြန်မာ- တရုတ်နိုင်ငံတို့ကို ဆက်သွယ်ထားသော ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားသည့် လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိသည်။ လီဒိုလမ်းမကြီးမှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသ၊ ကချင်ပြည်နယ် တနိုင်း၊ မြစ်ကြီးနား၊ ကန်ပိုင်တည်နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံအထိပေါက်သည်။
နယ်စပ်ဒေသကုန်သွယ်မှုဟုဆိုသော်လည်း ပြည်မဘက်မှ ကုန်ပစ္စည်းများရောက်ရန် ခက်ခဲသည့် နာဒဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း တနိုင်းနှင့် ရှင်ဘွေယန်အနီးလည်ပတ်လုပ်ကိုင်နေသည့် ရွှေမှော်များသည် ပန်ဆောင်နယ်စပ်မှ တင်သွင်းသည့် စက်သုံးဆီနှင့် ကုန်စည်များကို မှီခိုနေရကြောင်း နန်းယွန်းမြို့အခြေစိုက် ညီညွတ်သောတန်ရှန်းနာဂကောင်စီ ပြန်ကြားရေးဌာနတာဝန်ခံ ကိုထိန်လင်(မ်)က Myanmar Now ကို ပြောသည်။
“ဒီဂိတ်ကအရမ်းကိုအရေးပါတာပါ။ India product (အိန္ဒိယထုတ်ကုန်) တွေပဲ မှီခိုအားထားရတာပါ။ မြန်မာပြည်မဘဖက်က ကုန်ပစ္စည်းရောက်ရှိဖို့က ခက်ခဲတယ်။ စျေးကြီးတယ်။ ဒီက ကုန်ပစ္စည်းတွေက မြစ်ကြီးနားအထိရောက်ပါတယ်။ တနိုင်း၊ ရှင်ဘွေယန်၊ မော်တွေအထိ ရောက်ပါတယ်။ ဓာတ်ဆီ၊ ဒီဇီဇယ်တွေက အစ စားသောက်ကုန်အထိ ဒီဘဖက်ကပဲ ဝယ်ယူရပါတယ်” ဟု ၎င်းက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်ခြင်းမရှိဘဲ ပါဂျယ်ဒို (Pajero) ကဲ့သို့ အင်ဂျင်ရုန်းအားကောင်းသော ကားအမျိုးအစားများဖြင့် သယ်ယူကြရကြောင်း ၎င်းက ဆိုသည်။
ပန်ဆောင်နယ်စပ်မှ နယ်စပ်ကုန်သွယ်ပြန်စခြင်းနှင့်ပတ်သက်၍ စစ်အစိုးရ၏ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ပေ။
မြန်မာနှင့် အိန္ဒိယသည် မိုင်ပေါင်းတစ်ထောင်ကျော် နယ်နိမိတ်ချင်းဆက်နေပြီး နယ်စပ်ဒေသများ ဝင်ထွက်ပေါက်များစွာရှိသော်လည်း နှစ်နိုင်ငံအဆင့်နယ်စပ်ကုန်သွယ်ရေးအဖြစ် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ တမူး၊ ထန်တလန်၊ ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်သုံးခုသာ ဖွင့်လှစ်ထားသည်။
ထိုနယ်စပ်ဂိတ်နှင့်လမ်းကြောင်းများကို တော်လှန်ရေးတပ်များက အဓိကစိုးမိုးထားခဲ့ရာမှ အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် စစ်ကိုင်းတိုင်း မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းကို တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဇူလိုင်လ ၇ ရက်တွင် စစ်တပ်က ထုတ်ပြန်သည်။
အိန္ဒိယသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်မှုပြန်စရန်ပြောဆိုခဲ့သလို မြေရှားသတ္တုတူးဖော်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုထားသည်။



