မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို မလေးရှားလွှတ်တော် အမတ်ဟောင်း ဝိုင်ဘီဝမ်ချမ်း (YB Wong Chen) ဦးဆောင်၍ မလေးရှားရောက်မြန်မာများ၊ မလေးရှားနိုင်ငံမှ လူ့အခွင့်အရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၁၅၀ ဝန်းကျင်က မြို့တော်ကွာလာလမ်ပူရှိ Chinese Assembly Hall တွင် ယနေ့ စုဝေးဆန္ဒပြခဲ့ကြသည်။
လွတ်တော်အမတ်ဟောင်း ဝိုင်ဘီဝမ်ချမ်းသည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များ အဖွဲ့ဝင်ဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အစဉ်တစိုက်ရပ်တည်ခဲ့သူဖြစ်သည်။
၎င်းဦးဆောင်တက်ရောက်သည့် ကန့်ကွက်ဆန္ဒပြပွဲတွင် ဝန်ကြီးချုပ် အန်နဝါ ဘင်အီဘရာဟင် ဦးဆောင်သော မလေးရှားအစိုးရသည် ယခင်ရပ်တည်ချက်များနှင့်သွေဖည်၍ ဖိတ်ခေါ်ခဲ့သော မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဉ်ကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု မလေးရှားအခြေစိုက် မြန်မာအရေးနှင့် ဒုက္ခသည်များအရေးလှုပ်ရှားသော Myanmar Affairs Alliance အဖွဲ့၏ တာဝန်ရှိသူ မြန်မာနိုင်ငံသား မာရီယိုက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်း ဒုက္ခသည်အရေး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနှင့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ပြည်သူကရွေးချယ်တင်မြှောက်ထားသူမဟုတ်သည့် စစ်ခေါင်းဆောင်တစ်ဦး နှင့် ထိတွေ့ဆက်ဆံခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ရုံမက ထိုပြဿနာများ၏ အဓိကလက်သည်နှင့် တွေ့ဆုံဆွေးနွေးနေသလိုပါ ဖြစ်နေကြောင်း ၎င်းက ပြောသည်။
“အာဏာရှိသူချင်း သင်းပင်းပေါင်းသင်းပြီးတော့မှ ဆွေးနွေးလိုက်ပြီးတော့မှ ပြည်သူတွေအရေးမပါဘူးဆိုတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဖြေရှင်းလို့တော့ ကျွန်တော်တို့ ဒီပြဿနာတွေ ပြီးမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ မင်းအောင်လှိုင်နဲ့ ဆွေးနွေးလို့ နိုင်ငံရေးအကျိုးစီးပွားမရှိပါဘူး ဆိုတဲ့အကြောင်း မလေးရှားအစိုးရကို အသိပေးတာဖြစ်ပါတယ်” ဟု ၎င်းက Chinese Assembly Hall ဆန္ဒပြပွဲတွင်ပြောသည်။
အခြားတစ်ဖက်တွင် စစ်အာဏာရှင်အစိုးရကို စစ်ဘက်အရပ်ဘက်ပစ်မှတ်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် ထိုပွဲတွင် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
ယခုကန့်ကွက်ဆန္ဒပြမှုတွင် မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံသားများကိုယ်တိုင် ဦးဆောင်ဆန္ဒပြခွင့်မရသော်လည်း မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးကို ကိုယ်ချင်းစာနာသည့် မလေးရှား လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများဦးဆောင်ပြီး မလေးရှားအာဏာပိုင်များ၏ ဂရုစိုက်ကာကွယ်ပေးမှုနှင့် လုံခြုံရေးပေးမှုရှိခဲ့ကြောင်း မာရီယိုက ပြောသည်။
ထိုသို့ကန့်ကွက်ဆန္ဒပြမှုအပြင် မလေးရှားနိုင်ငံအခြေစိုက် မြန်မာ့အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မလေးရှားနှင့် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၃ ဖွဲ့တို့က ထိုတောင်းဆိုချက်များနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
မလေးရှားအစိုးရထံဦးတည်သည့် ထိုပူးတွဲကြေညာချက်တွင် တရားမဝင် စစ်အာဏာသိမ်းခေါင်းဆောင်အား မည်သည့် တရားဝင်အသိအမှတ် ပြုမှုမျှမရှိစေရေး၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရေးတို့ကို တောင်းဆိုခဲ့ပြီး မြန်မာစစ်အာဏာရှင်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ရေး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များအားလုံးကို ရပ်တန့်ရေး တောင်းဆိုထားသည်။
အတုအယောင် ရွေးကောက်ပွဲအပြီး ကိုယ်တိုင်ခန့်သမ္မတဖြစ်လာသော ဦးမင်းအောင်လှိုင်သည် အာဆီယံနှင့် နိုင်ငံတကာတွင် အသိမှတ်ပြုလက်ခံရန် တဆင့်ချင်းကြိုးပမ်းနေပြီး မလေးရှားသို့ ရောက်ရှိလာချိန်တွင် မလေးရှားရောက်ရွှေ့ပြောင်းအလုပ်သမားအချို့သည် တစ်ရက်အလုပ်မဆင်းခြင်း၊ စုဝေးဆန္ဒပြခြင်းဖြင့် ကန့်ကွက်ကြခြင်းဖြစ်သည်။
“စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်အကိုင်တွေကိုတောင်မှ ပစ်ချထားပြီးတော့ ဒီလူဟာ ငါတို့ခေါင်းဆောင်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြတာဖြစ်ပါတယ်။ အဲ့ဒီထက်ပို့ပြီးတော့မှ အဖမ်းခံရမယ့်အန္တရာယ်၊ ပြန်ပို့ခံရမယ့်အန္တရာယ်ကြားကနေပြီးတော့မှ ကျွန်သက် မရှည်ချင်တဲ့ အတွက်ကြောင့်မို့လို့ အရဲစွန့်ပြီးတော့မှ လူကိုယ်တိုင်လာပြီးတော့မှ သူတို့ရဲ့ဆန္ဒတွေကို ပြခဲ့တယ်။ ဒါကို ကမ္ဘာကြီးက မြင်ပါတယ်” ဟု Myanmar Affairs Alliance အဖွဲ့၏ တာဝန်ရှိသူ မာရီယိုက ပြောသည်။
မလေးရှားရောက် မြန်မာဒုက္ခသည်များအရေးကို ဗန်းပြ၍ ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံသည် အထိဖြစ်လာသည့် မလေးရှားဝန်ကြီးချုပ်၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးအရ ထောက်ခံမှုကျဆင်းခြင်းကို ပြန်ကုစားရန် ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ နိုင်ငံတကာအသိမှတ်ပြုမှုလိုချင်နေသည့် မြန်မာစစ်အာဏာရှင်အစိုးရအတွက်လည်း ရေငတ်တုန်းရေတွင်းထဲကျသည့်အခြေအနေဖြစ်နေကြောင်း မလေးရှားရောက် မြန်မာအဖွဲ့အစည်းအချို့က ရှုမြင်ကြသည်။
မလေးရှားအစိုးရက ဖိတ်ခေါ်ခြင်းဖြစ်၍ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်လုံခြုံရေးအတွက် မြန်မာဒုက္ခသည်အဖွဲ့အစည်းများအနေဖြင့် ဆန္ဒမပြရန် မလေးရှားအာဏာပိုင်များက တောင်းဆိုမှုများရှိကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက် ချင်းဒုက္ခသည်အရေးဆောင်ရွက်သည့် Alliance Of Chin Refugees အဖွဲ့၏ ဥက္ကဋ္ဌ ဂျိမ်းစ်ဘွေးထန်ဘိခ်က ပြောသည်။
“ရဲတွေကလည်း မင်းတို့တကယ်လုပ်(ဆန္ဒပြ)တယ်ဆိုရင် မညှာဘဲဖမ်းမှာဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါ ကျွန်တော်တို့ကလည်း အန္တရာယ်တော့ နည်းနည်းတော့သတိထားရတာပေါ့။ ဒါပေမဲ့ မထောက်ခံတာတော့ မထောက်ခံတာပါပဲ” ဟု ၎င်းက ပြောသည်။
“ပြဿနာက ဒီကိစ္စမှာက မင်းအောင်လှိုင်က သူကိုယ်တိုင်က လာဖို့တောင်းဆိုတာမဟုတ်ဘဲ မလေးရှားဝန်ကြီးချုပ်က ဖိတ်တာဖြစ်တဲ့အခါမှာ ပြည်ပမှာ တရားမဝင်ခိုလှုံနေတဲ့သူတွေကနေ ဝန်ကြီးချုပ်ရဲ့ သံတမန်ရေးရာလုပ်ငန်းကို သွားနှောင့်ယှက်တဲ့ပုံစံမျိုးဖြစ်သွားမလားဆိုတဲ့ပုံစံမျိုး သတိထားမိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ချင့်ချိန်ဆောင်ရွက်ကြရပြီး ရလဒ်ကို စောင့်ကြည့်၍ ယခုခရီးစဉ်အပြီး မလေးရှားရောက်မြန်မာများကို ဖမ်းဆီးပြန်ပို့သည့်ဖြစ်စဉ်များပိုမိုပြုလုပ်လာမည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။
မလေးရှားဝန်ကြီးချုပ် အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားမှုအရ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၇ ရက်တွင် မလေးရှားသို့လာရောက်ခဲ့ပြီး နှစ်ဖက်တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်ဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ်ခံယူ ပြီးနောက် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ခရီးစဉ်များအပြီး မလေးရှားနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်သည်။
ထို့အပြင် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မည် ဖြစ်ပြီး စစ်အစိုးရနှင့်ညှိနှိုင်း၍ စက်တင်ဘာလ ၂၉ ရက်တွင် ပထမဆုံးအသုတ်အနေဖြင့် လူ ၁၀၀၀ ကျော်ကို စစ်သင်္ဘောသုံးစီးဖြင့် ရန်ကုန်သို့ခေါ်ယူခဲ့သည်။
ထိုသို့ ပြန်လည်ခေါ်ဆောင်သည့် အစီအစဉ်မှာ ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ထိုသူများ၏ လုံခြုံရေးကို အာမခံချက်မပေးနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ထောက်ပြ ပြောဆိုထားကြသည်။



