စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကို ယနေ့ (အောက်တိုဘာလ ၈ ရက်) နေ့လယ်ပိုင်းတွင် စက်တပ်လေထီး(ပါရာမော်တာ)ဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားလေးဦးသေဆုံးပြီး အခြားလေးဦးလည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်တပ်၏ စက်တပ်လေထီးတစ်စီးသည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်စစ်စခန်းမှ ထွက်ခွာလာပြီး မူးကမ်းကြီးကျေးရွာထဲ ဗုံးနှစ်လုံးကြဲချခဲ့သည်ဟုလည်း ဒေသခံတို့ကဆိုသည်။
ဗုံးသည်နေအိမ်တစ်ခုပေါ်ကိုကျခဲ့ပြီးနောက် အသက် ၅၀ အရွယ်ခန့် မိခင်နှင့် သမီးသုံးဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“ နေအိမ်ကိုတည့်တည့်ကျတာဆိုတော့ နေအိမ်ကတော့ မီးလောင်ပျက်စီးသွားတာပေါ့။ အားလုံးက တည့်ကျတာ။ တည့်ကျတော့ မိသားစုဝင်အားလုံးထိခိုက်ရတာပေါ့။ ပတ်ဝန်းကျင်ကတော့ ဒဏ်ရာရ ရုံလောက်ပေါ့”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
မူးကမ်းကြီးရွာတွင် မြေပြင်စစ်ရေးလှုပ်ရှားနှင့် တိုက်ပွဲမရှိသော်လည်း လေကြောင်း တိုက်ခိုက်မှု လုပ်သွားခြင်းဖြစ်ပြီး သေဆုံးသူများမှာ အရပ်သားပြည်သူများသာ ဖြစ်ကြောင်း မြို့နယ် ပအဖနှင့် ဒေသခံတို့ကပြောသည်။
“တိုက်ပွဲမရှိ၊ စစ်ကြောင်းမရှိပါဘူး။ သူတို့ကတော့ တော်လှန်ရေးဘက်က စိုးမိုးနယ်မြေဆို ပြည်သူလား၊ တော်လှန်ရေးရဲဘော်လား မခွဲခြားဘဲ အကုန်ပစ်တာပဲရှင်။ စိုးမိုးနယ်မြေဘက်ကပြည်သူဆို ပြည်သူမဟုတ်ဘူးလို့ စကစက တွေးထားပုံပဲ”ဟု ဒီပဲယင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
မူးမြစ်ဘေးရှိ မူးကမ်းကြီးရွာသည် စစ်တပ်က မကြာခဏ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ သာမက အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးမှုများ ကြုံခဲ့ရသည့်ကျေးရွာဖြစ်သည်။ အိမ်ခြေ ၁၅၀၀ ခန့်ရှိသည့် မူးကမ်းကြီးရွာမှာ စစ်တပ်၏ သုံးကျော့ပြန် မီးရှို့မှုကြောင့် နေအိမ် တစ်ထောင်နီးပါး ပျက်စီးခဲ့သည်။ ယခုနှစ်ဆန်းပိုင်းကလည်း ကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲသဖြင့် စာသင်ဆောင်အမိုးများ ပျက်စီးသွားပြီး၊ ယမန်နှစ် ဩဂုတ်လက ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုရင်တစ်ပါး၊ ကပ္ပိယနှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့သည်။
လေကြောင်းအန္တရာယ်နှင့်ပတ်သက်၍ အရေးပေါ်စကားပြောစက်များမှတဆင့် လေကြောင်းသတိပေးချက်များ ထုတ်ပြန်သော်လည်း မကြာသေးမီက မူးမြစ်ရေလျှံပြီးရေကြီးနစ်မြုပ်မှုကြောင့် ပုန်းခိုကျင်းများ ရေဝင်ပျက်စီး ခဲ့ရသည့် အခြေအနေဖြစ်ကြောင်း ပအဖ တာဝန်ရှိသူက ဆိုသည်။
“မကြာသေးခင်ကာလကမှ ရေတွေတက်ထားတော့ ပုန်းခိုကျင်းတွေကလည်း ရေတွေပြည့်ပြီးတော့ တချို့သောအိမ်တွေမှာဆိုရင် ပုန်းခိုကျင်းတွေ ပြန်တူးနိုင်တာမရှိသေးဘူး”ဟု ပအဖ တာဝန်ရှိသူက ပြောသည်။
ဒီပဲယင်းမြို့နယ် ကျေးရွာထဲ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်းမရရှိခဲ့ပါ။
မုံရွာ နမခ နှင့် မိုင် ၄၀ ကျော်သာဝေးသည့် ဒီပဲယင်းမြို့ကို ၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း နေ့တွင်းချင်းပင် စစ်တပ်က အင်အားဖြည့်တင်းထိုးစစ်ဆင်၍ မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့သည်။ စစ်တပ်က ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များတွင်သာ ခြေကုပ်ယူထားနိုင်ပြီး စိုင်ပြင်မြို့ အပါအဝင် ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုးထားသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်နေသည့်အတွက် အရပ်သားများ အဓိက ထိခိုက်နစ်နာနေပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင်လည်း ကြိုတင်သိရှိနိုင်ရန် ပိုခက်ခဲသည့် ပါရာမော်တာနှင့် ဒရုန်းများကို ပိုမိုအသုံးပြုလာသဖြင့် ပြည်သူများ ဘေးလွတ်ရာခိုလှုံရန် အချိန်နည်းပါး လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည်။
တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်က အရပ်သားများ၊ လူစုလူဝေးရှိနေသည့် ယာဉ်တန်းများ၊ ကျေးရွာများနှင့် ရွှေမျှောလုပ်ကွက်များကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
အောက်တိုဘာလ ၆ ရက် ညနေပိုင်းကလည်း ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ရွှေစာရေးကျေးရွာ ဆိပ်ကမ်းကို နမခမှ တက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာ ကုန်စည်အပြည့်ဖြင့် ရပ်ထားသည့် ကားတစ်စီးနှင့် ဆိပ်ကမ်းတွင်ကပ်ထားသည့် မော်တော်များပေါ်သို့ ဗုံးကျရောက် ပေါက်ကွဲပြီး ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း ဘုတလင်ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့နယ်မှ ကုန်တင်ကားများ ရပ်နားရာနေရာနှင့် ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့်ကျေးရွာတို့ကို နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးပြီး တစ်ဒါဇင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာလဆန်းတွင်လည်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ တနိုင်တပိုင်ရွှေမျှော လုပ်ကိုင်နေသည့် ပြည်သူများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံး၊ ၃၀ ကျော်ထိခိုက်ဒဏ် ရာရရှိခဲ့သည်။



