ရခိုင်ပြည်နယ်မြေပုံမြို့နယ်တွင် ရေတပ်က ငါးဖမ်းသမားများကို ဖမ်းဆီးရိုက်နှက်၊ ရေထဲပစ်ချခဲ့မှုတွင် နှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း တစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်၊ ည ၉ နာရီတွင် မြေပုံမြို့နယ် အုန်းချောင်းရွာမှ ငါးဖမ်းသမားသုံးဦးသည် မြေပုံနှင့် ကျောက်ဖြူမြို့အကြား ပင်လယ်ပြင်တွင် စက်လှေတစ်စီးဖြင့် ငါးဖမ်းနေစဥ် စစ်သင်္ဘောတစ်စီး ရောက်ရှိလာပြီးနောက် ဖမ်းဆီးခံခဲ့ရသည်ဟု စက်လှေပိုင်ရှင်အမျိုးသမီးက ပြောသည်။
“သူတို့သုံးဦးကို ဖမ်းဆီးပြီးရိုက်နှက်တယ်။ စက်လှေမှာပါတဲ့ ပစ္စည်းတွေကို အကုန်လုံးယူတယ်။ ပြီးရင် စက်လှေကို ရေထဲနှစ်မြှုပ်လိုက်တယ်။ သူတို့ကိုလည်း စက်လှေပေါ်က ကန်ချလိုက်တယ်”ဟု ပြန်လွတ် လာသူများကို ကိုးကား၍ ဆိုသည်။
၎င်းပိုင်ဆိုင်သော အဆိုပါငါးဖမ်းစက်လှေပေါ်တွင် ဆွေမျိုးဖြစ်သူ ကိုမြင့်ထွန်းအောင်(ခ ) ကုတ်ကုတ်ချေ ( ၃၂ နှစ်)နှင့်အတူ ကိုမြင့်မောင်ဆန်း (၃၆ နှစ်)နှင့် ကိုရဲလင်းအောင်(၂၃ နှစ်)တို့ ငါးဖမ်းနေခြင်းဖြစ်သည်ဟု စက်လှေပိုင်ရှင်အမျိုးသမီးထံက သိရသည်။
“မြင့်ထွန်းအောင်ကို ဓာတ်မီးနဲ့ရိုက်နှက်လိုက်တာ နားထင်မှာ ညိုမည်းသွားတယ်၊ ခန္ဓာကိုယ်တွေလည်း ထိခိုက် သွားတယ်။ တခြားလူတွေလည်းရိုက်နှက်ခံရတယ်”
ရေထဲသို့ ပစ်ချခံလိုက်ရသည့် ထိုငါးဖမ်းသမားသုံးဦးသည် ကမ်းဘက်သို့ ရေကူးပြန်လာစဥ် ကိုမြင့်ထွန်းအောင် သည် ဒေသခံငါးဖမ်းစက်လှေတစ်စီးက ကယ်ဆယ်ခဲ့၍ အောက်တိုဘာလ ၇ ရက်တွင် ရွာသို့ ပြန်ရောက်လာ သည်။
ယင်းအပြင် ကိုရဲလင်းအောင်သည်လည်း ပေါက်တော(ဝီရဌာနီ)မြို့နယ်မှ စက်လှေတစ်စီးနှင့်တွေ့၍ အောက်တိုဘာလ ၈ ရက်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိသော်လည်း ကိုမြင့်မောင်ဆန်းမှာ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
အလားတူ စက်တင်ဘာလ ၈ ရက်ကလည်း မြေပုံမြို့နယ် ကျွန်းသာယာရွာမှ ငါးဖမ်းစက်လှေ တစ်စီးကို မြေပုံမြစ်တွင် မီးရှို့ခဲ့သည့်အပြင် ငါးဖမ်းသမားကို ဖမ်းဆီးသွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ စစ်သင်္ဘောများသည် ကျောက်ဖြူ- စစ်တွေ ပင်လယ်ပြင်တလျှောက် သွားလာ လှုပ်ရှားနေကာ ဒေသခံငါးဖမ်းစက်လှေများကို တားဆီးပြီး ငါးဖမ်းသမားများကို မကြာခဏ ဖမ်းဆီးနေ သောကြောင့် ငါးမဖမ်းရဲကြတော့ဟု ဒေသခံများက ဆိုကြသည်။

အောက်တိုဘာလ ၂ ရက်ကလည်း မြေပုံမြို့နယ် ကျွန်းသာယာရွာမှ ငါးဖမ်းသမားသုံးဦးကို စစ်သင်္ဘောတစ်စီးက ဖမ်းဆီးရိုက်နှက်၍ ပြန်လွှတ်ပေးလိုက်ကြောင်း မြေပုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စက်လှေမှာပါလာသမျှ ပစ္စည်းတွေကိုလည်း သိမ်းမယ်။ စက်လှေကိုလည်း သိမ်းမယ်။ မင်းတို့ နောက်တစ်ကြိမ်မလာနဲ့၊ မင်းတို့ကို မမြင်ချင်ဘူးလို့ပြောတယ်တဲ့။ ဆိုတော့ သူတို့က စက်လှေမပါရင် သွားလို့ မရဘူး၊ စက်လှေပေးပါဆိုလို့ ပေးပြီးလွှတ်လိုက်တယ်တဲ့”ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြား လက်လွှတ်ထားရသောကြောင့် ပြန်လည်သိမ်းပိုက်ရေးအတွက် ရေတပ်သင်္ဘောများကိုအသုံးပြု၍ ကမ်းတက်စစ်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းနေသည်။
အောက်တိုဘာလ ၇ ရက်ကလည်း ဝီရဌာနီ(ပေါက်တော) မြို့နယ်ရှိ ငပြီကျွန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း ပစ်ကူပေးပြီး စစ်သင်္ဘောများဖြင့် ကမ်းတက်ရန်ကြိုးပမ်းခဲ့ပြီး ယနေ့ အောက်တိုဘာလ ၉ ရက်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်။
တိုက်ပွဲပြင်းထန်နေသည့်နေရာသည် စစ်တပ်အခြေပြုသော စစ်တွေနှင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်သည့် ပေါက်တောမြို့နယ်အကြား ကုလားတန်မြစ်ပေါ်တွင် တည်ရှိသော ကျွန်းဖြစ်ပြီး အချက်အချာ ကျသောနေရာလည်းဖြစ်သည့်အပြင်ကျွန်းပေါ်၌ ကျေးရွာ သုံးရွာ ရှိသည်။
ထိုကျွန်းကို စစ်တွေမြို့ရှိ လက်နက်ကြီးအထိုင်စခန်းများကလည်း လက်နက်ကြီးပစ်ကူပေးနေသလို ရေကြောင်း၊ လေကြောင်းကလည်း အဆက်မပြတ်ပစ်ခတ်နေသောကြောင့် ယနေ့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
လတ်တလောတွင်လည်း လေယာဥ် သုံး၊ လေးစီး ပျံဝဲနေကာ ဗုံးကြဲသံများကြားနေရကြောင်း ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီမှာ(ငပြီကျွန်းဘက်မှာ)တိုက်ပွဲ သိပ်ဖြစ်နေတယ်။ ကြောက်ဖို့ ကောင်းတယ်။ ကျွန်မ အခုလည်း ဗုံးခိုကျင်းထဲမှာပါ ” ဟု ၎င်းက ဆိုသည်။
စစ်တပ်က AA ထိန်းချုပ်သော ဒေသများကို ပြန်လည် ထိုးစစ်ဆင်လာပြီး လက်ရှိတွင် ပေါက်တောမြို့နယ်သာမက ကျောက်ဖြူ၊ စစ်တွေစသောမြို့နယ်တို့တွင်ပါ တိုက်ပွဲဖြစ်နေသည်။
စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းနှင့် တောကန်ရွာ စသည့် သုံးနေရာ အနီးဝန်းကျင်နှင့် ကျောက်ဖြူမြို့နယ်အတွင်း ရေတပ်စခန်းအနီးတို့တွင် တိုက်ပွဲပြင်းထန်နေသည်။
လတ်တလောတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ စစ်တပ်နှင့် AA တို့က သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်တပ်က ရခိုင်ဒေသကို စက်တင်ဘာလ ၄ ရက်မှစတင်၍ ထိုးစစ်ဆင်လာကြောင်း စက်တင်ဘာလ ၂၈ ရက်က AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA သည် ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားပြီး စစ်တပ်က သုံးမြို့နယ်တွင်သာ အခြေပြုနေရသည်။ ထိုသုံးမြို့နယ်အနက် တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်မြို့ တစ်ခုသာကျန်ရှိသည်။




