အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းဆီးပြီး စစ်သင်္ဘောဖြင့်ပြန်ပို့ခံရမည်ကို မလေးရောက် မြန်မာများ စိုးရိမ်နေ

စစ်သားသစ်စုဆောင်းနေသည့် မြန်မာပြည်မှ စစ်သင်္ဘောများ မလေးရှားအထိလာပြီး လာရောက်ခေါ်ဆောင်နေရာ ပထမအသုတ်တွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော် ပါဝင်သွားသည်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး စခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို ယခုနှစ် စက်တင်ဘာလကုန်မှစတင်၍ နေရပ်ပြန်ပို့သည့် အစီအစဉ်ကြောင့် မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းကြားတွင် မလုံခြုံမှုများတိုးပွားလာနေသည်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် စစ်တပ်၏ ပစ်မှတ်ထားဖမ်းဆီးမည်ကို စိုးရိမ်၍ ခေတ္တခိုလှုံရန်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ တရားမဝင်မှောင်ခိုလမ်းကြောင်းမှ မလေးရှားတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားအများအပြားရှိသည့်အနက် အထောက်အထားမရှိသူ၊ တရားမဝင် နေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းကာ နေရပ်ပြန်ပို့ခြင်းဖြစ်သည်။ 

ထိုသို့ပြန်ပို့ရာတွင် မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မည် ဖြစ်ပြီး  စစ်အစိုးရနှင့်ညှိနှိုင်း၍ စက်တင်ဘာလ ၂၉ ရက်တွင် ပထမဆုံးအသုတ်အနေဖြင့် ၁၄၇၆ ဦးကို  မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ စစ်သင်္ဘောသုံးစီးဖြင့် ရန်ကုန်သို့ခေါ်ယူခဲ့ကြောင်း စစ်တပ်ထိန်းချုပ် သတင်းစာတွင် ဖော်ပြသည်။ 

ထိန်းသိမ်းခံရသူများကို ပြန်ပို့ရာတွင် မြန်မာနိုင်ငံသို့ပြန်ရောက်ပါက အဓမ္မစစ်သားစုဆောင်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ အိမ်ပြန်မရောက်မည်ကို စိုးရိမ်သလို အခြားတဖက်တွင် မလေးရှားတွင် အော်ပရာဇီစီမံချက်ဖြင့် ဆက်တိုက်ဖမ်းဆီးနေသဖြင့် ကိုယ့်အလှည့်ရောက်လာမည်ကို စိုးရိမ်ကြောင်း မလေးရှားအခြေစိုက် မြန်မာအရေးနှင့် ဒုက္ခသည်များအရေးလှုပ်ရှားသော Myanmar Affair Alliance အဖွဲ့၏ တာဝန်ရှိသူ ကိုစိုးထက်သိန်းက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဖမ်းမခံရသေးတဲ့သူတွေကလည်း ဘယ်နေ့ ငါ့အလှည့်တုံး (ကြောက်နေရတယ်)။ အဖမ်းခံထားရတဲ့သူတွေ(ကို)လည်း မပြန်ပြန်အောင် အထဲထဲမှာ နည်းမျိုးစုံနဲ့ စနစ်တကျဖိနှိပ်တယ်” ဟု ၎င်းက ပြောသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ထုတ်ပေးသည့်  ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသူများသည်ပင် ဖမ်းဆီးခံရနိုင်ခြေမြင့်မား၍ စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

နေရပ်ပြန်ပို့သည့် အစီအစဉ်မစမီနှင့် စပြီးနောက် အဖမ်းအဆီးများပိုစိပ်လာပြီး မြို့တော်ကွာလာလမ်ပူရှိ မြန်မာအများအပြားနေထိုင်နေရာများကို မကြာခဏဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း ကွာလာလမ်ပူမြို့တွင် ရောက်ရှိခိုလှုံနေသည့် အမည်မဖော်လိုသူ CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။ 

“မလေးရှားမှာရောက်နေပေမယ့်လည်း ကိုယ့်အသက်ကိုယ်တောင် မလုံခြုံဘူးလို့ခံစားရတာပေါ့” ဟု ချင်းပြည်နယ်မှ CDM ဝင်ခဲ့သည့် ၎င်းက ပြောသည်။ 

“အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ ပြီးတော့ ဒီနိုင်ငံရေးကြောင့် CDM လုပ်ပြီးတော့ ခိုလှုံခွင့်တောင်းတဲ့သူတွေအတွက်ဆိုရင် ပိုပိုပြီးတော့ အန္တရာယ်ရှိလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းအဆီးခံရပြီးတော့မှ မှတ်ပုံတင်နဲ့စစ်ပြီး မြန်မာပြည်ပို့လို့ရှိရင် မင်းအောင်လှိုင်တို့ အာဏာရှင် လက်အောက်ကလည်း လွတ်နိုင်မယ့်နည်းလမ်းလည်းမရှိတော့ဘူး” ဟု သူက ဆက်ပြောသည်။ 

ဒုက္ခသည်ကတ်လျှောက်ထားရာတွင်လည်း အချိန်ကြန့်ကြာမှုများလာကြောင်း သူက ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်က ပြန်ပို့လိုက်သူများအနက် အထောက်အထားမရှိ၍ ဖမ်းဆီးခံရသည့် ချင်း၊ ကချင်၊ ကရင်၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများပါဝင်ကြောင်း၊ မလေးရှားအစိုးရက ပြန်ပို့မည်ဟု ဗွေဆော်ဦးတွင် ပြောဆိုသည့် ရိုဟင်ဂျာဒုက္ခသည်များကို ယခုအသုတ်တွင် အများအပြားမတွေ့ရကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက် ချင်းဒုက္ခသည်အရေးဆောင်ရွက်သည့်  Alliance Of Chin Refugees အဖွဲ့၏ ဥက္ကဋ္ဌ ဂျိမ်းစ်ဘွေးထန်ဘိခ်က Myanmar Now ကို ပြောသည်။

အာဏာသိမ်းစက ဦးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုကို မထောက်ခံသည့်လုပ်ရပ်ကို မလေးရှားက ထိပ်တန်းမှဦးဆောင်ပါဝင်ခဲ့သော်လည်း ယခုလုပ်ရပ်သည် ၎င်းတို့ရပ်တည်ချက်နှင့် သွေဖည်သွားကြောင်း၊ မြန်မာစစ်တပ်၏ သရုပ်မှန်ကိုသိလျက်နှင့် မြန်မာများကို အန္တရာယ်တွင်းထဲ ပြန်ပို့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“အမြဲတမ်းပဲ သူတို့ပြောတာက သူတို့ဆန္ဒအလျောက်ပို့ထားတာလို့ပြောပေမယ့် ထောင်ထဲမှာ သူတို့ ဘယ်လောက်အထိ ဖိအားပေးခံရလဲ မသိဘူးလေ။ စာရွက်ပေါ်မှာ လက်မှတ်တစ်ခုရှိတယ်ဆိုတိုင်း ဆန္ဒအလျောက်မဖြစ်နိုင်ဘူးလေ။ အဲ့ဒီလက်မှတ်ကို သူတို့ဘယ်လိုပုံစံရယူသွားလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

ထိန်းသိမ်းရေးစခန်းများတွင် နေရပ်ပြန်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးသည့် သတင်းများကြားရကြောင်း၊ မလေးရှားတွင် ရောက်ရှိနေထိုင်ခဲ့သည့် သက်တမ်း ၁၅ နှစ်အတွင်း ယခုကာလမှာ အဖမ်းအဆီးအကြမ်းဆုံးဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး၊ စည်ပင်ဌာန ပူးပေါင်းအဖွဲ့များက နေရာသုံးခုအထိ တပြိုင်တည်းဝင်စီးနင်းသည်ကို တွေ့ရကြောင်း သူက ဆိုသည်။ 

လက်ရှိ မြန်မာဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ နိုင်ငံရေးအရထောက်ခံမှုအားကောင်းလာရန်ကြိုးစားသည့် လုပ်ရပ်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက ဝေဖန်ကြသည်။ 

မလေးရှားတွင် ဒုက္ခသည်အရေအတွက်တိုးလာပြီး ၎င်းတို့သည် အခွန်မဆောင်ဘဲ အလုပ်အကိုင်များကို လုယူနေကြောင်း မလေးရှားနိုင်ငံသားများကြားတွင် ရှုမြင်မှုများရှိလာပြီး ထိုအချက်ကို ဖြေရှင်းလျှင် နိုင်ငံရေးအရ အသိအမှတ်ပြုထောက်ခံမှုရရှိလာမည်ဟု ရှုမြင်ပုံရကြောင်း ဂျိမ်းစ်ဘွေးထန်ဘိခ်က ဝေဖန်သည်။

UNHCR ဘက်ကမူ ပြန်ပို့ရေးအစီအစဉ်တွင် ပါဝင်ပတ်သက်မှုမရှိကြောင်း စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံသို့ပြန်ပို့ခြင်းသည် လုံခြုံရေးအာမခံချက်မရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဟု ၎င်းက ဆိုသည်။ 

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေးကို သဘောတူလျှင် အရပ်သားအရေခြုံ ဦးမင်းအောင်လှိုင်ကို တရားဝင်ခရီးဖိတ်ခေါ်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာလ ၁၆ ရက် ရုပ်သံအစီအစဉ်တစ်ခုတွင် ပြောဆိုခဲ့သည်။

လက်ရှိတွင် မလေးရှား၌ UNHCR ကထုတ်ပေးသည့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူ နှစ်သိန်းကျော်ရှိပြီး အများစုသည် မြန်မာနိုင်ငံသားများဖြစ်သည်။ ဒုက္ခသည်ကတ်မရှိဘဲ မလေးရှားနိုင်ငံတွင် ခိုလှုံနေသူများသည် ထိုပမာဏ၏ လေးဆမှ ငါးဆအထိရှိနိုင်ကြောင်း မလေးရှားရောက် မြန်မာအဖွဲ့များက ခန့်မှန်းသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles