●စစ်တပ်အာဏာသိမ်းထားသော ၂၀၂၁တွင်စီးပွားရေး ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးမသေချာမရေရာမှုများမြင့်မားနေ၍စီးပွားရေးခန့်မှန်းတွက်ချက်မှုကို အာရှပစိဖိတ်တွင်မြန်မာတစ်နိုင်ငံတည်းကိုချန်လှပ်
စစ်တပ်အာဏာသိမ်းထားသည့်တစ်နှစ်ကျော်အတွင်းမသေချာမရေရာမှုများ မြင့်မားလာ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။
ကမ္ဘာ့ဘဏ် ၂၀၂၂ ဇွန်တွင် နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယခုလို ဆိုထားခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။
![စက်သုံးဆီဈေးတက်လာပြီး ဆီဝယ်ရန်ခက်ခဲလာခြင်းကြောင့် လွန်ခဲ့သော နှစ် ၂၀ ရှေ့ပိုင်းပအခြေအနေပြန်ရောက်လာသည်။](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/285480139_398391569016968_1755700002819977628_n.jpg?resize=880%2C660&ssl=1)
မြန်မာ့စီးပွားရေးသည့် ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးကျဆင်းနှုန်းသည် ၁၈ ရာခိုင်နှုန်းရှိခဲ့သည်ဟုလည်းတွက်ချက်ဖော်ပြထားသည်။ သို့သော်လည်း ၂၀၂၂မှစတင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်က ခန့်မှန်းခြင်းမရှိတော့ပေ။
ထိုဖြစ်ရပ်သည် အာရှ ပစိဖိတ်နိုင်ငံများအတွင်း တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ တင်းကြပ်ပြီး မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် စီးပွားရေးက အနိမ့်ဆုံးကို ကျဆင်းသွားတာပါတယ်”ဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။
![စစ်အာဏာရှင်စနစ်နှင့်အတူ မီးပျက်ခြင်းပြသာနာမှာအတူတွဲပါလာသည်။ လုပ်ငန်းများမှာမီးပျက်၍ မီးစက်အသုံးပြုရပြီးစက်သုံးဆီဈေးပါတက်ရာ ထုတ်လုပ်စာရိတ်မတက်နိုင်သောလုပ်ငန်းများရပ်နားကုန်သလို၊ ထုတ်လုပ်စာရိတ်များမြင့်တက်နေသည်။](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/286249645_398391605683631_3951880319455834624_n.jpg?resize=620%2C413&ssl=1)
ဒေါ်လာအပေါ်ကန့်သတ်မှု၊ ဆက်သွယ်ရေးကွန်ယက်ကိုထိန်းချုပ်နှင့် နိုင်ငံတွင်း ကျယ်ပြန့်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးသည် ကြောက်စရာကောင်းမွန်လောက်အောင် ပျက်စီးသွားကြောင်း ၎င်းကဆက်ပြောသည်။
၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျလာပြီး နိုင်ငံအတွင်းအလုပ်လက်မဲ့ပြသနာ၊ ဝင်ငွေဆုံးရှုံးသည့်ဒဏ်၊ ကျန်းမာရေးနှင့်အစားအသောက် မလုံလောက်သည့် ဒဏ်များကို ပြည်သူများခံစားနေရသည်ဟုလည်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)