Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တိုက်ပွဲ တစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် သေဆုံးထိခိုက်မှုများ

ကော့ကရိတ် အခြေစိုက်ခလရ(၂၃၁) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုးစစ် ဆင်ရာမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ကော့ကရိတ်နှင့် ကော့နွဲ့ကြား၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။

KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး
KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး

▪️လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် အပြင်းအထန် တိုက်ခိုက်တုံ့ပြန်ဟုဆို

ကရင်အမျိုသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် တိုက်ပွဲမှာ ဒီဇင်ဘာ ၁၆ ရက်မှ ယနေ့(ဒီဇင်ဘာ ၂၃ရက်)အထိ နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု KNUနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

ကော့ကရိတ် အခြေစိုက်ခလရ(၂၃၁) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုးစစ် ဆင်ရာမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ကော့ကရိတ်နှင့် ကော့နွဲ့ကြား၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“လွန်ခဲ့တဲ့ ရက်တွေကတော့ တောက်လျှောက်လေယာဉ်က လာပစ်တယ်။ နေ့တိုင်းပဲ။ မနက်တိုင်းပဲ။ မနေ့မနက်ကလည်းလာတယ်။ ဒီနေ့မနက်လည်း လေယာဉ်က လိုက်ဝဲသေးတယ်။ ဒါပေမဲ့ သူတို့ မပစ် တော့ဘူး။ ညတုန်းကတော့ ပစ်သွားတယ်။ အခုက အာရှလမ်းတစ်လျှောက်မှာပဲနေရာယူပြီးတော့ ထိုးစစ်တွေလုပ်နေတာ။ ကော့နွဲ့မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး
KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားသည်ဟု သတင်းများကြားသိရကြောင်း ၎င်းက ဆိုသည်။

“စကစဘက်က အခုထက်ထိက ကျဆုံးမှုက ၂၀ ဦးကျော်နေပြီ။ ထိခိုက်မှုလည်း ၂၀၊ ၃၀ လောက် တောင်ထိခိုက်နိုင်တယ်။ ၂၃၁မှာ ဝင်စီးတဲ့ညတုန်းက အရာရှိ သုံးဦးကျသွားတာ မှန်တယ်။ ကျွန်တော်ကြားတာက ၂၃၁ထဲမှာပဲ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုက ဝင်စီးတာမှာ သေဆုံးမှုက ၁၅ယောက် လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာကလည်း အဲဒီ တစ်ပွဲထဲမှာပဲ ၅ဦးထက်မနည်းများတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

၎င်းက ဆက်လက်၍ “ကော့ကရိတ်နဲ့ ကော့နွဲ့ကြားမှာလည်း ကားနဲ့ သယ်သွားတာ တော်တော် များတယ်။ ၁၀ဦး မရှိသည့်တိုင် ၈ဦးလောက်ကျသွားတယ်။ ထိခိုက်တဲ့သူ ကို တစ်ကားတင်သွားတယ်။ဒါလည်း ၅ဦးထက်မနည်းပဲ။ အခုထိဆို စကစဘက်က အယောက် ၂၀၊ ၃၀ လောက်တော့ကျပြီ”ဟု ပြောသည်။

တော်လှန်ရေးအင်အားစုများဘက်က ရဲဘော် တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိသည်ဟု ကြားရကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် အလွန်အကျွံတုံ့ပြန်တိုက်ခိုက်နေသော်လည်း တော်လှန်ရေးအင်အားစုများ ဘက်က ထိခိုက်မှု နည်းပါးရခြင်းအပေါ် အံ့ဩမိကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲက ၁၆ရက်နေ့ကနေ အခုထိ တိုက်ပွဲက လက်နက်ကြီးသံ၊ လေယာဉ်သံ နှစ်ဖက်စလုံး အဲဒီလိုပုံစံရှိနေတာပဲ။ အပြင်းထန်ဆုံးက ၁၉ရက်တို့ ၂၀ရက်တို့က တော်တော်လေးပြင်းထန်ကြတယ်။ တစ်နေကုန် တညလုံးမိုးလင်းအထိ အလုံးကြီး (လက်နက်ကြီး)က ရာနဲ့ချီပြီးပစ်တာ။ အဲဒီ လို ရာနဲ့ချီပြီးရော လေယာဉ်နဲ့ရောချတာ လုံး၀ကို ဒီဘက်မှာ(တော်လှန်ရေးအင်အားစုများဘက်၌) မထိတာက တော်တော်လေးအံ့ဩတယ်။ သူတို့ လူဦးရေ ရာနဲ့ထောင်နဲ့ချီပြီးရှိတာ မထိဘူးဆိုတော့တော်တော်လေး အံ့ဩတယ် တော်တော်ဘလေး ရလဒ်ကောင်းတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရပ်သားထိခိုက်မှု ၆ဦးရှိကြောင်း၊ ယင်းအနက် ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံက ပြောသည်။ ထို့ပြင် နွားအကောင် ၂၀ကျော်၊ ကျွဲ ၁၀ကောင်ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ရာ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီး KNLA၊ PDF ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များတိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်အပါဝင်အများအပြားသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရွာအတွင်းထဲသို့ ပစ်ခတ်သဖြင့် ရွာအတွင်းရှိ နွားများသေဆုံးမှုရှိခဲ့ကြောင်း၊ ယမနေ့ နံနက်ပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပူးပေါင်းတပ်များ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

လက်နက်ကြီး ပစ်ကူဖြင့် ကော့နွဲ့ရွာသို့ တိုးဝင် လာသည့် စစ်ကောင်စီတပ်ကို KNLA၊ PDF ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings စသည့် ပူပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁) ဦး အပါအဝင် ရဲဘော်အများအပြားသေဆုံးခဲ့ပြီး အရေတွက် အတိကျမသိရသေးဟု ထုတ်ပြန်ခဲ့သည်။ ဒေါနစစ်ကြောင်းမှ ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ကော့ကရိတ်တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်တစ်ဦးက “ပူးပေါင်းတပ် စစ်ဆင်တဲ့ သဘောပေါ့။ဒါကတော့ ပြည်တွင်း စစ်ဆင်ရေး ဆက်အရှိန်မြင့်လာမှာပဲ။ကော့ကရိတ်တစ်ခုမဟုတ်ဘဲ တပြည်လုံးပေါ့”ဟု ပြောသည်။

You May Also Like

သတင်း

" စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်" ဟု၎င်းက​ပြောသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။

သတင်း

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

ဆောင်းပါး

ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲ​ပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့​သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။