စက်တင်ဘာ-၁၅၊ ၂၀၂၅။ ဇေအောင်/People’s Spring
မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မန္တလေး PDF ဟာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူတွေ လေကြောင်းရန်အန္တရာယ်ကာကွယ်ဖို့အတွက် အရေးပေါ်ဗုံးခိုကျင်း(Public Shelter)အများအပြားကိုလည်း ဆောက်လုပ်ထားပြီး ဆက်လက်ပြီးလည်း တိုးမြှင့်ဆောက်လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း အသိပေးပါတယ်။
ဒါ့အပြင် မန္တလေး PDFဟာ သပိတ်ကျင်းမြို့နယ် ကွင်း(၃၀)ကျေးရွာရှိ ရွာအဝင်တံတားပြုပြင်တည်ဆောက်ရာမှာ မတည်ငွေထည့်ဝင်ပြီး ရွာသူရွာသားတွေနဲ့ပါ စုပေါင်းပြုပြင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ဒေသတွင်း မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း စဉ်ဆက်မပြတ် ကူညီဆောင်ရွက်နေတယ်လို့လည်း ပြည်သူကာကွယ်ရေးတပ်မတော်(မန္တလေး)က အသိပေးပါတယ်။
မန္တလေး PDFဟာ လာမယ့် ကာလတွေမှာ စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း အရှိန်ပိုမြှင့်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
MDY PDFနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်တွေကို တနယ်လုံး၊ မတ္တရာမြို့နယ်ထဲက နေရာတချို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာ ဒုတိယပတ်အတွင်းမှာ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ထဲကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေပြုလုပ်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
