Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးပထမဆုံး ဆုံးဖြတ်ချက်(Resolution) ကုလလုံခြုံရေးကောင်စီချမှတ်

လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးပထမဆုံး ဆုံးဖြတ်ချက်(Resolution) ကုလလုံခြုံရေးကောင်စီချမှတ်
နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးပထမဆုံး ဆုံးဖြတ်ချက်(Resolution) ကုလလုံခြုံရေးကောင်စီချမှတ်

▪︎”အမျိုးသားညီညွတ်ရေးအစိုးရက UNSC အနေနဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ပေးဖို့ ဒီထက်ပိုမိုပြီး အားကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တောင်းဆိုပါတယ်” ဟု​ကျော်မိုးထွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နှစ်ပေါင်း ၇၄ နှစ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံး ဆုံးဖြတ်ချက်(Resolution) တစ်ရပ်ကို ယမန်နေ့တွင် ချမှတ်လိုက်သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရေး စစ်ကောင်စီကို တောင်းဆိုထားသည့် အချက်များပါဝင်သည့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက မဲခွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ စစ်တပ် သံသယရှိစရာမလိုတဲ့ ခိုင်မာတဲ့သတင်းစကားကို ကျွန်မတို့ ပေးနိုင်ခဲ့ပါပြီ။ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဗြိတိန်သံအမတ်ကြီး Barbara Woodward က ၎င်းတို့တင်သွင်းတဲ့အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်အပြီးတွင် ပြောသည်။

“ကျွန်မတို့ဟာ မြန်မာပြည်သူတွေကို သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ ဆန္ဒတွေ၊ အကျိုးစီးပွားတွေနဲ့အညီ တိုးတက်မှုရှာဖွေပေးနေတယ်ဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကားကို ပေးနိုင်ခဲ့ပါပြီ”ဟု Woodward က အဖွဲ့ ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီကို ပြောသည်။

မြန်မာ့အကျပ်အတည်းကို မည်သို့ဖြေရှင်းရန်အပေါ် သဘောကွဲလေ့ရှိသော တရုတ်နှင့် ရုရှားက ယခုတစ်ကြိမ်တွင် အိန္ဒိယနှင့်အတူ ကြားနေ(မဲမပေးဘဲ)ခဲ့သည်။ ကျန် အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြသည်။

“တရုတ်နိုင်ငံက စိုးရိမ်မှုတွေ ဆက်ရှိနေတုန်းပါပဲ” ဟု မဲခွဲမှုအပြီးတွင် တရုတ်သံအမတ်ကြီး Zhaung Jun က ပြောသည်။ “မြန်မာ့အရေးကိစ္စက အမြန်လုပ်ဆောင်လို့ မရပါဘူး။ အဆုံးမှာ သင့်တော်တဲ့ဖြေရှင်းမှု ဟုတ်၊​မဟုတ် မသေချာပါဘူး။ အခြေခံအကျဆုံးနဲ့ တစ်ခုတည်းသော(ဖြေရှင်းနိုင်တာ)ကတော့ မြန်မာနိုင်ငံကိုယ်တိုင်ပါပဲ” ဟု တရုတ်သံအမတ်ကြီးက ဆက်ပြောသည်။

ရုရှားသံအမတ်ကြီး Vassily Nebenzia ကမူ မော်စကိုအနေဖြင့် မြန်မာ့အရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်ကြောင်းနှင့် ထို့ကြောင့်ကုလလုံခြုံရေးကောင်စီက ကြားဝင်မသင့်ဟု ယုံကြည်ကြောင်း ပြောသည်။

အထက်ပါဆုံးဖြတ်ချက် ထွက်ပေါ်လာရေးအတွက် အဆိုမူကြမ်းကို ပြီးခဲ့သည့် စက်တင်ဘာကတည်းက လုံခြုံရေးကောင်စီတွင် စတင်ညှိနှိုင်းဆွေးနွေးခဲ့သည်။ အစောပိုင်း Reuters သတင်းဌာနက မြင်တွေ့ခဲ့ရသော အဆိုမူကြမ်းတွင် မြန်မာနိုင်ငံကို စစ်လက်နက်များ လွှဲပြောင်းနေမှုကို ရပ်တန့်ရန်နှင့် ခြိမ်းခြောက်နိုင်သော ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် ပါရှိသော်လည်း ဖယ်ရှားခံခဲ့ရသည်။

ယခုအတည်ပြုလိုက်သော ဆုံးဖြတ်ချက်တွင် စစ်တပ်က အာဏာသိမ်းကာ အရေးပေါ်ကာလ ဆက်လက်ကြေညာထားမှုနှင့် မြန်မာပြည်သူများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေမှုကို လွန်စွာစိုးရိမ်ကြောင်း ဖော်ပြသည်။ ယင်းနောက် အာဆီယံက သဘောတူထားသော ငြိမ်းချမ်းရေးအစီအစဥ်ကို လက်တွေ့ကျကျ၊​ ချက်ခြင်းလုပ်ဆောင်များ အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။ မြန်မာပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒီမိုကရက်တစ်အဖွဲ့အစည်းများနှင့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ရန် တောင်းဆိုထားသည်။

ယခုဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ဆုံးဖြတ်ချက်တွင် အပြုသဘောဆောင်သည့် အချက်များပါဝင်သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပိုမိုအားကောင်သည့် စာသားများကို မျှော်လင့်ကြောင်း ပြောသည်။

“ဒါက ပထမဆုံးသော ခြေလှမ်းဖြစ်တယ်ဆိုတာ သေချာပါတယ်။မျိုးသားညီညွတ်ရေးအစိုးရက UNSC အနေနဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ပေးဖို့ ဒီထက်ပိုမိုပြီး အားကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တောင်းဆိုပါတယ်” ။ အဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

ကိုးကား – Reuters

You May Also Like

သတင်း

ယင်းဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

သတင်း

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်တွင် အပြုသဘောဆောင်သည့် အချက်များပါဝင်သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပိုမိုအားကောင်သည့် စာသားများကို မျှော်လင့်ကြောင်း ပြောသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။