Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ ၂၄ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်ကျူးလွန်မှုများ အပြီးတိုင်ရပ်တန့်ဖို့ ရှေ့ဆက်လုပ်ဆောင်ရေး ကုလလုံခြုံရေးကောင်စီကိုမြန်မာသံအမတ်ကြီးတိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာပိုမိုထိရောက်အားကောင်းတဲ့ လုပ်ဆောင်ချက်များကို ရှေ့ဆက်လုပ်ဆောင်မှသာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်မှ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုများကို အပြီးတိုင် ရပ်တန့်နိုင်မှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်က ဆုံး ဖြတ်ချက်ချမှတ်အတည်ပြုခဲ့ရာအဲဒီဆုံးဖြတ်အတည်ပြုမှုအပြီးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက အခုလိုတိုက်တွန်းခဲ့တာလို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်အတည်ပြုချက်ဟာ ပထမခြေလှမ်းသာဖြစ်ပြီး ကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်များကို ကယ်တင်ဖို့၊ ဒေသတွင်း မတည်ငြိမ်မှုများထပ်မံဖြစ်ပွားမှုမှကာကွယ်ဖို့ လုံခြုံရေးကောင်စီရဲ့ တိကျခိုင်မာပြတ်သားတဲ့အရေးယူဆောင်ရွက်မှု အထူးလိုအပ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီဟာ အခုဆုံးဖြတ်အတည်ပြုမှုကို ဦးစားပေးအဖြစ် ပုံမှန်ကိုင်တွယ် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

▪︎မြန်မာ့အရေးကူညီဖို့ ထည့်သွင်းရေးဆွဲတဲ့ NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

မြန်မာစစ်အုပ်စုကို ပိုမိုဖိအားပေးဖို့၊ မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးဖို့ အချက်များ သီးသန့်ရေးဆွဲထားတဲ့ Burma Act ပါရှိသော အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ကို သမ္မတဂျိုးဘိုင်ဒန်က မနေ့က လက်မှတ်ရေးထိုးလိုက်ပြီလို့ အိမ်ဖြူတော်က ကြေညာပါတယ်။ အမေရိကန်အောက်လွှတ်တော်မှာ စတင်အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာမှာ အထက်လွှတ်တော်ရဲ့ ဆက်လက်အတည်ပြုချက်ရရှိခဲ့တဲ့ NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က အခု လက်မှတ်ရေးထိုးလိုက်တာကြောင့် အဲဒီဥပဒေဟာ စတင်အသက်ဝင်လာပြီဖြစ်ပါတယ်။NDAA ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ မိတ်ဖက်အဖွဲ့အစည်းများအားလုံးရဲ့ ရုန်းကန်မှုအတွက် အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းထားပါတယ်။ နောက်ပြီး စစ်ကောင်စီ၊ ခရိုနီများနဲ့ စွမ်းအင်ကဏ္ဍ၊ သူတို့နဲ့ဆက်စပ်တဲ့ စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ်နိုင်မယ့် အခွင့်အာဏာကို သမ္မတဘိုင်ဒန်ကို ပေးအပ်ထားပါတယ်။

မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ
မြန်မာ့အရေးကူညီရန် ထည့်သွင်းရေးဆွဲသည့် NDAA ကို သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးပြီ

▪︎ကုလလုံခြုံရေးကောင်စီရဲ့တောင်းဆိုချက် နိုင်ငံတည်ငြိမ်းရေးအတွက် အရေးပါဟု NLD ထုတ်ပြန်

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာ ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အထိန်းသိမ်းခံများကို စစ်ကောင်စီမှ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုချက်ဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းဟု ခံယူကြောင်း ဖော်ပြပါတယ်။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ်လက်နက်အားကိုးနဲ့ အနိုင်ကျင့်နှိပ်စက်နေမှုများ၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုများကျူးလွန်နေခြင်းကိုလည်း အပြီးတိုင်ချုပ်ငြိမ်းဖို့ စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးနိုင်ရေးအတွက် နိုင်ငံတစ်ခုချင်းစီရဲ့ ပူးပေါင်းကြိုးပမ်းမှုကိုလည်း မဖြစ်မနေ လိုအပ်ချက်တစ်ခုဟု ယုံကြည်မျှော်လင့်ကြောင်း NLD က ထုတ်ပြန်ပါတယ်။

▪︎တိုက်ပွဲများဖြစ်လာနိုင်လို့ စစ်ကောင်စီတပ်ရှိရာနေရာတွေကို ရှောင်ကြဥ်ဖို့ ကြာအင်းဆိပ်ကြီး (ပအဖ) သတိပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ တိုက်ပွဲများမထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ အခြေအနေကို သတိပြုဆင်ခြင်နေထိုင်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဒီနေ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံတဝန်းမှာ တော်လှန်ရေးအရှိန်မြှင့်တင်ခြင်း ကာလသို့ရောက်ရှိနေတာကြောင့် တိုက်ပွဲများ မထင်မှတ်ထားတဲ့အချိန်၊ မထင်မှတ်ထားတဲ့ နေရာတွေမှာ မထင်မှတ်ဘဲ ဖြစ်ပေါ်လာနိုင်တာကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အခြားဒေသတဝန်းရှိ ပြည်သူများနည်းတူ အထူးသတိပြု သွားလာ၊ နေထိုင်ကြဖို့ သတိပေးထားတာပါ။ အထူးသဖြင့် စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့များ ဝင်ရောက်နေထိုင်တဲ့နေရာများ၊ ၎င်းတို့ သွားလာလှုပ်ရှားတဲ့ နေရာများ နဲ့ အဲဒီနေရာအနီးတဝိုက်မှာ သွားလာနေထိုင်ခြင်း မပြုကြဖို့ သတိပေးလိုက်ကြောင်း ကြာအင်းဆိပ်ကြီး ပအဖက ထုတ်ပြန်ပါတယ်။

▪︎လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမယ်လို့ KNDFကြေညာ

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီးကို အရေးပေါ် ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၀ က ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒါကြောင့် ဒီဇင်ဘာ ၂၅ ရက်​ကစလို့ ဒေသခံပြည်သူများ အပါအဝင် ပြည်သူများအနေနဲ့ လမ်းပိတ်ထားစဥ် ကာလအတွင်း အသွားအလာမပြုလုပ်ဖို့ သတိပေးပါတယ်။ စစ်ရေးအခြေအနေကြောင့် ပြည်သူတွေလိုက်နာပေးကြဖို့ KNDF တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားပါတယ်။ လမ်းပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ပြန်လည် ကြေညာပေးသွားမယ်လို့ KNDF တပ်ရင်း – ၁၀ က ဆိုပါတယ်။

လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ
လွိုင်​ကော်-စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီး အရေးပေါ် ပိတ်ထားမည်ဟု KNDF ကြေညာ

▪︎စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို တန့်ဆည် ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီးများနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိတယ်လို့ MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများဟာ တန့်ဆည်မြို့နယ်ရှိ ငတန်း ၊ ရွှေလံ ၊ တပ်သစ် ၊ ရွာဘူကြီး ၊ ကလဇင် ၊ ပေကုန်းနဲ့ စည်းမကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ အောင်သာယာရွာသို့ ကာဘိုးမူးမှ တဆင့်ကူးနေစဥ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။ ၁ နာရီနီးပါးကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ပျူဘက်ကလည်း စက်လက်၊ RPG၊ (၆၀) မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် စစ်သားနဲ့ ပျူ နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

▪︎မုံရွာ – မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်ကို ကျော်တက်တဲ့ ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရ၊ ခရီးသည်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဥ်ကို ကျော်တက်တဲ့ ခရီးသည်တင်ယာဉ်ကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ခရီးသည် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ ညနေပိုင်းက စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးမှာ မြင်းမူမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကိုင်းတပ်မ (၃၃) စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီအချိန် စစ်ကောင်စီယာဥ်က အပြင်းမောင်းနင်ရင်းပစ်ခတ်သွားရာ အဲဒီယာဥ်ကို ကျော်တက်ဖို့ ကြိုးပမ်းတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကား ကျည်များထိမှန်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောပါတယ်။ ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားသမားမျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

▪︎ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စပိဘုတ်ကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ စက်တပ် အမြန်ရေယာဥ်(စပိဘုတ်)တစ်စီးကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက ဧရာဝတီမြစ်ကြောင်းအတွင်း မန္တလေးမြို့မှဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ စပိဘုတ်တစ်စီးကို မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာအနီးမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦးထိခိုက်ကြောင်း၊ ငါးဦးအနက် သုံးဦး ဒဏ်ရာပြင်းထန်တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ တိုက်ခိုက်ခံရပြိီးနောက် စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ် စိန်ပန်းကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူတွေရဲ့ စက်လှေများကို ဖောက်ခွဲဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ညောင်ဦးမြို့ ငါ့သရောက်လျှပ်စစ်ရုံးကလုံခြုံ​ရေးစစ်သား​တွေကိုတိုက်ခိုက်သေနတ်တစ်လက်ရရှိ

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ထဲက ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်ရုံးမှာ လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာအူဇီအမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့နဂါးနီပြောက်ကျားတပ်ဖွဲ့က ​ပြောပါတယ်။ဒီဇင်ဘာလ ၂၃ ရက်ညနေပိုင်း ၆ နာရီဝန်းကျင်က ငါ့သရောက်မြို့နယ် လျှပ်စစ်ရုံးကို ညောင်ဦးခရိုင် PDF တပ်ရင်း ၅ က ဦးဆောင်တိုက်ခိုက်ခဲ့မှာ စစ်​ကောင်စီတပ်နဲ့ ဝန်ထမ်း​တွေကတောင်းပန်တဲ့အတွက် မတိုက်ခိုက်ဘဲCDMဝင်ဖို့ ​ပြောဆိုတိုက်တွန်းပြီး​သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

▪︎CDF-KKG ကတိုက်ခိုက်ဖို့ချဥ်းကပ်တုန်းစစ်သား​တွေသေနတ်ထားထွက်​ပြေး

ကလေးမြို့မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​​တွေကိုကြောက်လန့်ပြီးထွက်ပြေးသွားတဲ့စစ်သား​တွေထံကသေနတ်တစ်လက်နဲ့ကျည်ဆန်​တွေသိမ်းဆည်းရရှိတယ်လို့CDF-KKGက​ပြောပါတယ်။ဒီ​နေ့နံနက် ၁ဝ နာရီခွဲ​လောက်မှာကလေးမြို့တာဟန်းမီးပွိုင့်ဂိတ်ကိုချင်း​ဒေသကာကွယ်​ရေးတပ်( က​လေး၊က​ဘော်၊ဂန့်​ဂေါ)ကတပ်ဖွဲ့ဝင်​တွေကတိုက်ခိုက်ဖို့ချဥ်းကပ်လာစဥ်မှာစစ်သား​တွေကလက်နက်ကိုထားပြီးထွက်ပြေးသွားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ထံမှ MA2 တစ်လက်၊ကျည်ဘောက် တစ်ခုနဲ့ ၅.၅၆ ကျည်တောင့် ၆ဝခန့် သိမ်းဆည်းရရှိခဲ့ပါတယ်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော​သေနတ်နှင့် ကျည်များကိုပြသ​နေ​သောCDF(KKG)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)

You May Also Like