Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီကျူးလွန်တဲ့ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ KNU ထုတ်ပြန်

မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ အချိန်မှစပြီး ကော်သူးလေ အုပ်ချုပ်နယ်မြေတွေမှာ (၂)နှစ်တာအတွင်း ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေဆိုင်ရာ အစီရင်စာကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာပါ အဓိကတွေ့ရှိချက်များကိုဖော်ပြခဲ့ရာ (၂)နှစ်တာအတွင်း KNU အုပ်ချုပ်နယ်မြေများအတွင်း တိုက်ပွဲပေါင်း ၇,၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၃၆၀,၀၀၀ ထက်မနည်း အိုးအိမ်များစွန့်ခွာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အာဏာသိမ်းစစ်ကောင်စီဟာ ဖြတ်လေးဖြတ် နည်းဗျူဟာကိုသုံးပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများသာမက ပြည်သူလူထုပါမကျန် တိုက်ခိုက်ဖြိုခွင်းခဲ့ကြောင်း ပါရှိပါတယ်။ ကော်သူးလေ ကေအဲန်ယူ အုပ်ချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ နေ့စဉ်နဲ့ အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အရေးပေါ် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာနဲ့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလိုအပ်နေတယ်ဆိုတာကို အဓိက မီးမောင်းထိုးပြောလိုတာဖြစ်တယ်လို့ KNU အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောပါတယ်။

(မတ်လ ၂၉ရက်က ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးနယ်တွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး လူခြောက်ဦးသေဆုံးခဲ့ရသည်။ ဓာတ်ပုံ - KNU)
(မတ်လ ၂၉ရက်က ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးနယ်တွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး လူခြောက်ဦးသေဆုံးခဲ့ရသည်။ ဓာတ်ပုံ – KNU)

▪️ကန့်ဘလူနယ် အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့လို့ နေအိမ် ၂၀၀ ခန့်ပြာကျ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လိို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးများဟာ ဧပြီ ၃၊ ၄ ရက်တွေမှာ အင်းလယ်ကြီးကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စကားမပြော၊ နားမကြားတဲ့၊ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက်(၃၅)နှစ်အရွယ် ကိုဝလီဆိုသူကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ အလားတူ စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ အသက်(၆၅)နှစ်အရွယ် ဦးဌေးမောင်ဆိုသူကိုလည်း လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

▪️ပုလဲမြို့နယ် ပန်းရွာရှိ PDFစခန်းတစ်ခုကို စစ်ကောင်စီတပ် လေကြောင်းမှစီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံများနဲ့ ရဲဘော်များ ကတော့ အချိန်မီတိမ်းရှောင်နိုင်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi -17 နဲ့ လူအင်အားတိုးချကာ မြေပြင်မှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪️ဝက်လက်နယ်တိုက်ပွဲ ပြည်သူ့ရဲဘော် ၆ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးတပ်ရဲဘော်အချို့ပိတ်မိပြီး ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ််။ မနေ့က စစ်ကောင်စီတပ်ကို သုံးကြိမ်တိုင် မိိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားများ ဘုန်းဘွဲ့ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်‌ရောက်နေစဉ် မဟာမိတ်ပြည်သူ့ကာကွယ်ရေးရဲဘော်များပိတ်မိနေခဲ့ပါတယ်။ ပိတ်မိနေတဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များထဲမှ ရဲဘော် ၆ ဦးကို မကယ်တင်လိုက်နိုင်ဘဲ ကျဆုံးသွားတယ်လို့ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️ရေစကြိုနယ်နဲ့ မြောင်နယ်တို့မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ တပ်အတွင်းမှထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို သင်္ချိုင်းနေရာအနီး မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးတယ်လို့ ရေစကြို(ပကဖ)အဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မိုင်းခြောက်လုံးတွဲနဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အလောင်းတွေကို လာကောက်ယူခြင်းမရှိသေးဘူးလို့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်အချို့က ပြောပါတယ်။ မြိုင်မြို့နယ်မှာလည်း တပ်မ(၁၀၁)မှ Well 2 ရေနံမြေစခန်းသို့ တပ်သားချင်းလဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားများကိို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လ​က်ယျာက ပြောပါတယ်။

▪️ပုသိမ်မြို့ စစ်ကောင်စီ​ရဲ့ စီးပွားဘဏ်လုံခြုံရေးအဖွဲ့ကို ဗုံးခွဲတိုက်ခိုက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီး လမ်းများကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံများက ပြောပါတယ်။ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ဂိတ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။ တိုက်ခိုက်မှုကို ‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ဖော်ဆောင်ခဲ့တာလို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF)က သတင်းထုတ်ပြန်ထားပြီး ထိခိိုက်မှုကိုတော့ မသိိရသေးပါဘူး။

(ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်အနီး ထိကော်ထောကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့တို့ နေထိုင်ရာစခန်းကို ဒီနေ့ မနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ရွှေကုက္ကိုလ်မြို့သစ်အနီးပတ်ဝန်းရှိ ထိကော်ထော၊ ထီးချားရားနဲ့ ထီးဝါးပလော ကျေးရွာများဘက်မှ နယ်ခြားစောင့်တပ်(BGF)စခန်းများကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲများကြောင့် ရွှေကုက္ကိုလ်မြို့အဝင်အထွက်နေရာများအားလုံးကို နယ်ခြားစောင့်တပ်(BGF)က ပိတ်ပစ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထားကာ မြို့တွင်းရှိနေထိုင်သူများကိုလည်း အပြင်သို့ထွက်ခွါခွင့်မပြုဘူးလို့ သိရပါတယ်။

ပုံ- ရွှေကုက္ကိုလ်-ထိကော်ထော-မော်ဖားသူး ကားလမ်း
ပုံ- ရွှေကုက္ကိုလ်-ထိကော်ထော-မော်ဖားသူး ကားလမ်း

▪️စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်အပါအဝင် ပျော်ပွဲ၊ရွှင်ပွဲများ ပြည်သူများပါဝင်ခြင်းမပြုဖိို့ တော်လှန်ရေးအင်အားစုများ တောင်းဆို

တစ်နိုင်ငံလုံးအတိုင်းအတာ အကြမ်းဖက်မှုများလုပ်ဆောင်နေတဲ့ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်အပါအဝင် ပျော်ပွဲ၊ရွှင်ပွဲတွေမှာ ပြည်သူများပါဝင်ခြင်းမပြုဖို့ တော်လှန်ရေးအင်အားစုများ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတဝှမ်းမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးတွေကြား တိုးတိုးလေးငိုနေတဲ့သူတွေရှိတာကြောင့် တိတ်တိတ်လေး ပျော်ပေးကြဖို့၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မတင်ကြဖို့၊ မမျှဝေကြဖို့ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်တောင်းဆိုထားပါတယ်။ စစ်ကောင်စီဟာ ပြည်သူလူထုကို မတရားဖမ်းဆီးထောင်ချခြင်း ၊ သတ်ဖြတ်ခြင်း မီးရှိုဖျက်ဆီးခြင်း အဓမ္မပြုကျင့်ခြင်းစသည်တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အချိန်တိုင်းကျူးလွန်နေပြီး ၎င်းတို့ရဲ့ လုပ်ရပ်များကို ပြည်သူများ ‌မေ့ပျောက်စေဖို့နဲ့ ၎င်းတို့ အာဏာတည်မြဲရေးအ‌တွက် သင်္ကြန်အပါအဝင်ပွဲတော်များကို စည်ကားဖို့ စီစဉ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ - CJ)
(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ – CJ)