Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်တွင်းသင်္ကြန်ကို (၁၀၇)မမဖြင့် ပစ်ခတ်မည်ဟု မြို့ပြပြောက်ကျားများ ကြေညာပြီးနောက် မင်္ဂလာဒုံတွင် မဏ္ဍပ်ဆောက်လုပ်မှုရပ်နား

တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ယခုနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အနေဖြင့်သာပါဝင်ပေးရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

(မင်္ဂလာဒုံလေတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် (၁၀၇)မမ လက်နက်ကြီးများအား တွေ့ရစဥ်)
(မင်္ဂလာဒုံလေတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် (၁၀၇)မမ လက်နက်ကြီးများအား တွေ့ရစဥ်)

တပ်တွင်းသင်္ကြန်များကို (၁၀၇)မမ လက်နက်ကြီးဖြင့် ပတ်ခတ်တိုက်ခိုက်မည်ဟု မြို့ပြပြောက်ကျားအဖွဲ့များက ကြေညာပြီးချိန်တွင် မင်္ဂလာဒုံမြို့နယ်အတွင်း၌ မဏ္ဍပ်ဆောက်လုပ်မှုများကို ‌ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက် မဏ္ဍပ်တွေတော့ ရှိတယ်။မြို့နယ် မဏ္ဍပ်တွေနဲ့ လမ်းမကြီးကို အားကိုးပြီးဆောက်တဲ့ မဏ္ဍပ်တွေပြန်ဖျက်မယ် ၊ မဆောက်တော့ဘူးလို့ သိရတယ်။ အဓိက တော်လှန်ရေးအဖွဲ့တွေက (၁၀၇) မမ ကိစ္စပြောထားတော့ စစ်တပ်နယ်မြေဖြစ်တဲ့ မင်္ဂလာဒုံဘက် မဏ္ဍပ်တည်တာကို ရပ်မယ်လို့ ကြားမိတယ်။ တရားဝင်ကြေညာချက်မထုတ်သေးပေမယ့် အဲ့လိုကြားနေရတာကတော့ ကျယ်ကျယ်ပြန့်ပြန့်ပဲ”ဟု မင်္ဂလာဒုံမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံလေတပ်ကို (၁၀၇)မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့သည့် BWM ၊Liberty Thunder နှင့် Anonymous Team Alpha အဖွဲ့တို့က တပ်တွင်းသင်္ကြန်များကို ပစ်ခတ်ရန် ‌(၁၀၇) မမ အလုံအလောက်ရှိကြောင်း ပြီးခဲ့သည့်ရက်က သတိပေးထုတ်ပြန်ထားသည်။

“မင်္ဂလာဒုံတပ်ရင်း ၈၂ ၊ ၁၀၆ ​ခြေလျင်တပ် ၊ ၃၂၃ ထောက်ပို့တပ်ရင်းတွေထဲ သင်္ကြန်ပွဲမဏ္ဍပ် လုပ်ဖို့ အတင်းဖိအားပေးထားတယ် ပြောတယ်။ အစက ဆောက်ဖို့ပစ္စည်းတွေ ချထားပေမယ့် ဒီမနက်ပိုင်း အစောပိုင်းက အကုန်ပြန်သိမ်းသွားတယ်လို့ တပ်တွင်း ဖရဲသီးတွေက တစ်ဆင့်သိရတယ်။ တပ် မိသားစုတွေက မဆော့ရဲလို့တော့ ပြောတယ်”ဟု နယ်မြေသတင်းများကို ဖော်ပြပေးနေသော Ground News Coverage အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးများ၌ မဏ္ဍပ်များဆောက်လုပ်နေခြင်းဖြစ်သည်။

ဧပြီ ၈ ရက်ညကလည်း စမ်းချောင်းရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်အတွင်းရှိ သင်္ကြန်မဏ္ဍပ်ကို Dark Shadow အဖွဲ့က ဖောက်ခွဲမှုများပြုလုပ်၍ သတိပေးခဲ့သည်။

တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ယခုနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန်အနေဖြင့်သာပါဝင်ပေးရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။