Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ်တွင် ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးသေ

တပ်ပေါင်းစုများ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က အသိပေးသည်။

(ကျောင်းသားလက်ရုံးတပ်တော်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော်)
(ကျောင်းသားလက်ရုံးတပ်တော်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော်)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ကျေးရွာ သုံးရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း ကျောင်းသားလက်ရုံးတပ်တော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၈ ရက်က ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာတပ်စွဲပြီး ယုန်လှေးကုန်း၊ တရော်တော၊ကုက္ကိုစုကျေးရွာများအား မီးရှို့ဖျက်ဆီးလာသော အင်အား ၅၀ နှင့် ၇၀ ကြားရှိ စစ်ကောင်စီစစ်ကြောင်းအား (မုံရွာခရိုင်တပ်ရင်း ၁၆) Monywa People Defense force၊ ဒေသခံရပ်ကျေး (ပကဖ) မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းကျောင်းသားလက်ရုံးတပ်တော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် စတင်ထိတွေ့မှုရှိခဲ့ပြီးမိနစ်အနည်းငယ်ကြာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်က (၆၀) မမ၊ (၄၀) မမ၊ စက်လက်များဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

တပ်ပေါင်းစုများ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က အသိပေးသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်ယုန်လှေးကုန်းရွာ နေအိမ် ၅၀ နီးပါး၊ တရော်တောရွာမှ နေအိမ် ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ကုက္ကိုစုရွာအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။”မီးရှို့ခံရတဲ့ရွာတွေအပါအဝင် ဘေးနားကရွာတွေပါလူဦးရေ ၁၅၀၀ကျော် တိမ်းရှောင်နေရပါတယ်။ တချို့က ဘေးနီးစပ်ရာရွာတွေမှာနေပြီး တချို့ကတော့ရွာထဲပြန်ဝင်ရောက်နေကြတယ်။”ဟု ဘုတလင်နယ်ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ရက်ကလည်း ဘုတလင်မြို့နယ်တွင် ကျီးပဒုံရွာမှ မြို့ပေါ်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်သားနှစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။