Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၈ ဦးထက်မနည်းသေဆုံးဟု CDF ထုတ်ပြန်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လိို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၇ ရက်က မင်းတပ်မြို့နယ် တိုက်နယ်(၁)ဖက်မှာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီ ၁၀ ရက် မင်းတပ်မြို့အနီး (၉)မိုင်ဖက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့ညပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ် အမှတ်(၁)ရွာအနီး နဲ့ ကျေးရွာထဲသို့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်ပျက်စီးခဲ့ကာ ပြည်သူ ထိခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။

(CDF မင်းတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(CDF မင်းတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CDF)

▪️ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ဖွံ့ပါတီရုံးကို ပြည်သူပိုင်သိမ်းလိုက်ကြောင်း CDF ကြေညာ

ချင်း​ဒေသကာကွယ်​ရေးတပ်-ဟာခါး( CDF -ဟားခါး)ကောင်စီရုံးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးနဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းလိုက်ကြောင်း ဒီနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားတဲ့ ပါတီများကို မနေ့ကစလို့ မတရားအသင်းအဖြစ် ကြေညာလိုက်တယ်လို့ ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)ကောင်စီက မနေ့က ကြေညာခဲ့ပြီး ဒီနေ့မှာ ကြံ့ဖွံ့ရုံးနဲ့ ပိုင်ဆိုင်မှုများကိုသိမ်းဆည်း​ကြောင်း ထပ်မံ​ကြေညာခဲ့တာပါ။ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား ဟားခါး CDF ကောင်စီက လိုအပ်သလိုစီမံ ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

(ချင်းပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီရုံး ။ဓါတ်ပုံ-The Chin Journal)
(ချင်းပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီရုံး ။ဓါတ်ပုံ-The Chin Journal)

▪️စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လုပ်မယ်လို့ အနောက်နိုင်ငံများထုတ်ပြန်

မြန်မာစစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး လုပ်​ဆောင်မယ်လို့ ကြေညာချက်အသီးသီးထုတ်ပြန်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ် ပဇီကြီိးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားသေကြေပျက်စီးမှုအတွက် တာ၀န်ရှိသူများကို အရေးယူနိုင်ရေးလုပ်ဆောင်ရေး၊ ဒဏ်ရာရရှိသူများအတွက် အရေးပေါ် ဆေးဝါးကုသမှုနဲ့ အထောက်အပံ့ရရှိရေးခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်။ အမေရိကန်က စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ညှင်းပန်းနှိပ်စက်မှုများ၊ ချိုးဖောက်မှုများအတွက် တာ၀န်ခံမှုရှိစေရန် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာပါတတယ်။ အလားတူ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ကလည်း အပြစ်မဲ့အရပ်သားတွေအပေါ် ကျူးလွန်မှုတွေအတွက် တာ၀န်ခံမှုရှိစေရေးလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

▪️ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ အသိုက်အဝန်း ကျယ်ကျယ်လောင်လောင် ရှုတ်ချ

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ နိုင်ငံတကာသတင်းဌာနတွေကလည်း အဲဒီ ကြမ်းကြုတ်ရက်စက်လှတဲ့ လုပ်ရပ်ကို ခေါင်းကြီးပိုင်း သတင်းအဖြစ် ဖော်ပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းက ကျေးရွာတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူ ၅၀ ကနေ ၁၀၀ ကြားသေဆုံးကြောင်း ဗြိတိန်၊ လန်ဒန်အခြေစိုက် The Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခြားကမ္ဘာကျော်သတင်းဌာနတွေဖြစ်တဲ့ The New York Times၊ CNN၊ The Washington Post၊ Reuters၊ AP၊ AFP၊ BBC၊ DW၊ The Independent စတဲ့ သြဇာကြီးသတင်းဌာနပေါင်း များစွာကလည်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်လှတဲ့ အဲဒီကျူးလွန်မှုကြီး အကြောင်းကို ခေါင်းကြီးပိုင်း သတင်းတွေအဖြစ် ဖော်ပြခဲ့ပါတယ်။ ​ဒေသတွင်းနိုင်ငံ​တွေက နိုင်ငံတကာသတင်းဌာန​တွေဖြစ်တဲ့ South China Morning Post ၊ Bangkok Post၊ The Straits times၊ India TV၊ Nikki Asia စတဲ့သတင်း​တွေကလည်း​ ဖော်ပြခဲ့ကြပါတယ်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪️ခရမ်းမြို့ရှိ သစ်တောဂိတ်ကို (၈၁)မမနဲ့PDF ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ သစ်တောဂိတ်ကို (၈၁)မမနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်တယ်လို့ PDF ခရမ်းအဖွဲ့ခေါင်းဆောင် ကိုမီးပွားက ပြောသည်။ ဒီနေ့ နေ့ခင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေစုနေတဲ့အပေါ် တည့်တည့်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ PDF ခရမ်းဟာ မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း စစ်ဆင်ရေး ငါးခု‌လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းများကို ဖော်ပြနေတဲဲ့ ခရမ်းချန်နယ်အရ သိရပါတ​ယ်။

(ပုံဟောင်း – ခရမ်းမြို့အဝင် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယခင်က ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – CJ)
(ပုံဟောင်း – ခရမ်းမြို့အဝင် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယခင်က ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – CJ)

▪️သရက်ချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို PDF များဝင်တိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာမှာ တပ်စွဲထားတဲဲ့ စစ်ကောင်စီစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းစစ်ကြောင်းမှ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်မှတာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။ အဲဒီဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် ၇ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စခန်းရခါနီးမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူတရစပ်သုံးခဲ့လို့ ခွာစစ်ပြုခဲ့ရတယ်လို့ တာ၀န်ရှိသူက ဆိုပါတယ်။

▪️ယင်းမာပင် ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်လို့ (၁၂)အရွယ် မိန်းကလေးတစ်ဦးသေဆုံး၊ အဘွားအို တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အမှတ်(၂၈)ရဲတပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ (၁၂)အရွယ်မိန်းကလေးတစ်ဦး သေဆုံးပြီး အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးနဲ့ ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ မနေ့ ညပိုင်းကလည်း မုံရွာ-ပုသိမ်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးကို အမှတ်(၂၈)ရဲတပ်ရင်းမှ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)