Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကလေးတစ်ဦးရဲ့ နှုတ်ခမ်းကိုနမ်းပြီး လျှာကိုစုပ်ခိုင်းမိလို့ ဝေဖန်ခံနေရတဲ့ဒလိုင်းလားမား

ဒလိုင်းလားမားဖက်က ကာကွယ်သူ တချို့ကတော့ နောက်ပြောင်သလို လျှာထုတ်ပြတာဟာ တိဘက်မှာ ခင်မင်ရင်းနှီးမှုကို ပြသတဲ့ နှုတ်ဆက်ပုံ တစ်မျိုးလို့ ပြောကြပါတယ်။

Dalai Lama apologizes for video of him kissing boy
Dalai Lama apologizes for video of him kissing boy

ကလေးတစ်ဦးရဲ့ နှုတ်ခမ်းကို နမ်းပြီး သူ့လျှာကို စုပ်ပါလို့ ပြောခဲ့မိတဲ့အတွက် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက နောင်တရနေတယ်လို့ ဆိုပါတယ်။

တိဘက်ရဲ့ မဟာယန ဗုဒ္ဓဘာသာမှာ အထွဋ်အမြတ် ပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ဒလိုင်းလားမားဟာ ကလေးတစ်ဦးကို အဲဒီလို မလျော်မကန် ပြုမူပြောဆိုနေတဲ့ ဗီဒီယို မှတ်တမ်း ထွက်ပေါ်လာတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရပါတယ်။

ဒလိုင်းလားမားရဲ့ ရုံးအဖွဲ့က ဘုန်းတော်ကြီး အနေနဲ့ အခုဖြစ်စဉ်ကြောင့် ထိခိုက်နာကျင်မှုတွေ ခံစားရမယ့် ကလေးငယ်နဲ့ မိသားစုကို တောင်းပန်လိုတယ်လို့ ပြောပါတယ်။ မြင့်မြတ်သန့်စင်တဲ့ ကိုယ်တော်ကြီးဟာ တခါတလေမှာ သူ့အပေါ် ကြည်ညို လေးစားသူတွေကို လူမြင်ကွင်းရှေ့၊ ကင်မရာတွေ ရှေ့မှာပါ စနောက်လေ့ရှိကြောင်း၊ အခုလို ဖြစ်ပျက်သွားတဲ့အတွက် အတော်လေး စိတ်မကောင်း ဖြစ်နေကြောင်း ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ် အဖွဲ့က ကာကွယ် မှတ်ချက် ပေးခဲ့ပါတယ်။

လောလောဆယ်တော့ အဲဒီဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး ဒလိုင်းလားမားလည်း အတော့်ကို ဝေဖန် ခံနေရပါတယ်။ ဘုန်းတော်ကြီးရဲ့ ပြုမူပြောဆိုပုံဟာ လက်ခံနိုင်စရာ မရှိသလို စက်ဆုပ်စရာ ဖြစ်နေတယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ဒါရမ်ရှာလာမှာရှိတဲ့ ဒလိုင်းလားမားရဲ့ ဘုရားကျောင်းမှာ ကျောင်းသူကျောင်းသား ၁၂၀ လောက်နဲ့ တွေ့ဆုံချိန်မှာ အခုလို အငြင်းပွားစရာ အခြေအနေမျိုး ပေါ်ပေါက်လာခဲ့တာလို့ သိရပါတယ်။ အဲဒီ ကျွမ်းကျင်မှု လေ့ကျင့်ရေး အစီအမံ တွေ့ဆုံပွဲကို ဦးစီးကျင်းပတဲ့ M3M ဖောင်ဒေးရှင်းက မှတ်တမ်း ဓာတ်ပုံတွေ အွန်လိုင်းပေါ် တင်ခဲ့ရာမှာလည်း ဒလိုင်းလားမားက အခုပြဿနာ တက်နေတဲ့ ကလေးကို ပွေ့ဖက်ထားတာ တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ ကလေးငယ်က သူ့အနေနဲ့ ဒလိုင်းလားမားကို ပွေ့ဖက်လို့ ရမလားလို့ မေးတဲ့အခါ ဘုန်းတော်ကြီးက ပါးကို လက်ညှိုးထိုးပြပြီး အရင်နမ်းဖို့ ပြောခဲ့ပါတယ်။ ကလေးက ဒလိုင်းလားမားရဲ့ ပါးကိုနမ်းပြီး ပွေ့ဖက်ခဲ့ပါတယ်။ အဲဒီနောက် ဒလိုင်းလားမားက ကလေးရဲ့ လက်ကို ကိုင်ရင်း သူ့နှုတ်ခမ်းကိုလည်း နမ်းသင့်ကြောင်း ပြောပြီး ကလေးရဲ့ နှုတ်ခမ်းကို နမ်းခဲ့ပါတယ်။

နောက်ပြီး ကလေးနဲ့သူနဲ့ နဖူးချင်း တိုက်ရင်း ဒလိုင်းလားမားက လျှာကိုထုတ်ရင်း သူ့လျှာကို စုပ်သင့်တယ်ဆိုပြီး နောက်ပြောင်သလိုလို ပြောခဲ့တာပါ။ တချို့က ရယ်မောနေခဲ့ပေမယ့် အဲဒီ အခြေအနေတွေကပဲ ဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ ဒလိုင်းလားမားက ကလေးငယ်ကို ဆက်စကားပြောပြီး ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ဖန်တီးနိုင်သူတွေကို ဆည်းပူး အတုယူဖို့ ဆုံးမခဲ့ပါတယ်။

ဒလိုင်းလားမားဖက်က ကာကွယ်သူ တချို့ကတော့ နောက်ပြောင်သလို လျှာထုတ်ပြတာဟာ တိဘက်မှာ ခင်မင်ရင်းနှီးမှုကို ပြသတဲ့ နှုတ်ဆက်ပုံ တစ်မျိုးလို့ ပြောကြပါတယ်။

ဒလိုင်းလားမားဟာ တရုတ် အစိုးရရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုတွေကြောင့် ၁၉၅၉ ခုနှစ် ကတည်းက ပြည်ပကို တိမ်းရှောင်နေခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ် ဘုန်းတော်ကြီးဟာ ၁၉၈၉ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုလည်း ချီးမြှင့် ခံခဲ့ရပါတယ်။