Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ကို စစ်တပ်က ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေဟု မြန်မာသံအမတ်ကြီးပြော

စစ်တပ်သည် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

(သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ၌ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - PMOM - UN)
(သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ၌ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - PMOM - UN)

▪️မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် စစ်တပ်၏ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ရရာနည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ဗြိတိန်သံအမတ်ကြီး ကတိပြု

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှု အပြီးတိုင်ချုပ်ငြိမ်းရန် တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ကို စစ်တပ်က ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်၌ ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဗြိတိန်သံအမတ်ကြီးMs. Barbara Woodward နှင့်အတူ စစ်တပ်၏ ပဇီကြီးကျေးရွာရှိ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလဌာနချုပ်ရုံး၌ ယမန်နေ့(ဧပြီီ ၁၃ ရက်)တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတို့က စစ်တပ်အား အကြမ်းဖက်မှုများရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုလျက်ရှိစေကာမူ စစ်တပ်သည် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်စစ်မက်ပြုလုပ်ခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်ကို ၎င်းတို့ အစဉ်တစိုက်ကျူးလွန်လျက်ရှိသော တိုက်ခိုက်မှုများမှတဆင့် အတိအလင်းပြသနေကြောင်း သံအမတ်ကြီးက ပြောသည်။

ကလေးငယ်များနှင့် လက်နက်မဲ့အရပ်သားပြည်သူများအပေါ် စစ်တပ်၏ သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းကို ဗြိတိန်က ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း သံအမတ်ကြီး Ms. Barbara Woodward ကပြောသည်။ အဆိုပါလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းပြစ်မှုအတွက် မည်သို့မျှ ခုခံချေပနိုင်သည့် အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဖော်ပြပါ တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ရန်နှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉)ကို စစ်တပ်မှ အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောသည်။

သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်းနှင့် ဗြိတိန်နိုင်ငံအနေဖြင့်မူ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ရရာနည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု Ms. Barbara Woodward က အသိပေးသည်။

ထို့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိလက်ခံရရှိထားသည့် သတင်းအချက်အလက်များအရ စစ်တပ်၏ အလွန်ရက်စက် ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသူရွာသား (၁၆၈) ဦး အသက်သေဆုံးခဲ့ရပြီး (၃၅) ဦးမှာ ကလေးငယ်များဖြစ်ကာ (၆) လသား ရင်သွေးငယ်ပင်ပါဝင်ကြောင်း၊ အမျိုးသမီး (၂၇) ဦးတို့ ပါဝင်ကြောင်း ရှင်းလင်းသည်။

သေဆုံးသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ဆိုးရွားစွာ မီးလောင်ပျက်စီးနေသဖြင့် အမြင်ဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရန်ပင် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားကြောင်း၊ ယခုတစ်ကြိမ်ဖြစ်စဉ်သည် စစ်တပ်မှ ပထမဦးဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်း မဟုတ်ဘဲ ယင်းမှာ လူမဆန်သော အကြမ်းဖက်စစ်တပ်မှ ကျူးလွန်ထားပြီးဖြစ်သည့် မြောက်များစွာသော နိုင်ငံတကာပြစ်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဆက်ပြောသည်။

စစ်တပ်သည် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။