Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း စစ်သည်တွေကို ခေါင်းဖြတ်ခဲ့တဲ့ ရုရှားစစ်သားတွေကို လူ့တိရစ္ဆာန်တွေလို့ ယူကရိန်း သမ္မတ ဝေဖန်

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ရုရှား လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် ယူကရိန်း စစ်သားတွေ ခေါင်းဖြတ်ခံထားရတဲ့ ဗီဒီယို နှစ်ခု ပျံ့နှံ့လာပါတယ်။

ယူကရိန်း စစ်သည်တွေကို ခေါင်းဖြတ်ခဲ့တဲ့ ရုရှားစစ်သားတွေကို လူ့တိရစ္ဆာန်တွေလို့ ယူကရိန်း သမ္မတ ဝေဖန်
ယူကရိန်း စစ်သည်တွေကို ခေါင်းဖြတ်ခဲ့တဲ့ ရုရှားစစ်သားတွေကို လူ့တိရစ္ဆာန်တွေလို့ ယူကရိန်း သမ္မတ ဝေဖန်

ယူကရိန်း စစ်သားတွေ ခေါင်းဖြတ်သတ် ခံရတဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့နောက် ရုရှား စစ်သားတွေဟာ ကြမ်းကြုတ် ရက်စက်တဲ့ လူ့တိရစ္ဆာန်တွေလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ရုရှား လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် ယူကရိန်း စစ်သားတွေ ခေါင်းဖြတ်ခံထားရတဲ့ ဗီဒီယို နှစ်ခု ပျံ့နှံ့လာပါတယ်။ အဲဒီထဲက တစ်ခုဟာ လတ်တလော ရိုက်ကူးထားတာလို့ ယုံကြည်ရပြီး နောက်တစ်ခုကတော့ နောက်ခံ မြင်ကွင်းနဲ့ သစ်ရွက်တွေ ကြွေကျနေတဲ့ မြေပြင် အနေအထားအရ နွေရာသီတုန်းက ရိုက်ကူးထားတာလို့ ယုံကြည်ရပါတယ်။

ပထမ ဗီဒီယိုထဲမှာတော့ ပျက်စီးနေတဲ့ စစ်သုံးယာဉ် တစ်စီးနားမှာ ခေါင်းဖြတ်ခံထားရတဲ့ ယူကရိန်းစစ်သား နှစ်ဦး လဲနေတာကို တွေ့ရပါတယ်။ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerရဲ့ အဖွဲ့သားတွေက ဒီဗီဒီယိုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတာဖြစ်ပြီး ယူကရိန်း စစ်သားတွေရဲ့ လက်တွေကလည်း ဖြတ်တောက် ခံထားရတာ တွေ့ရပါတယ်။ နောက်ခံ စကားပြောသံတွေမှာတော့ ယူကရိန်း စစ်သုံးယာဉ်ဟာ မိုင်းထိမှန်ခဲ့ရတာ ဖြစ်ကြောင်း၊ အဲဒီနောက် ယူကရိန်း စစ်သားတွေကို တစ်ယောက်ယောက်က ခေါင်းဖြတ်သွားတာ ဖြစ်ကြောင်း ပြောဆိုနေတာ ကြားခဲ့ရပါတယ်။

ဗီဒီယိုကို ယူကရိန်း အရှေ့ဖျားက တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့ ဘက်ခ်မတ် မြို့နားမှာ ရိုက်ကူးထားခဲ့တာလို့လည်း ရုရှားလူမှု ကွန်ရက်တွေမှာ ရေးသားနေပါတယ်။ ဒါပေမဲ့ နေရာ အတိအကျကို အတည်ပြုဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဒုတိယ ဗီဒီယိုမှာတော့ မြင်ကွင်း တော်တော်များများကို ဆင်ဆာဖြတ်တောက်ပြီး ဝါးထားပါတယ်။ နောက်ခံ ပတ်ဝန်းကျင်နဲ့ သစ်ပင်တွေကို ကြည့်တဲ့အခါ နွေရာသီမှာ ရိုက်ကူးထားတာလို့ ယူဆနိုင်ပြီး ရုရှား တိုက်ခိုက်ရေးသမား တစ်ယောက်က ဓားတစ်ချောင်းကို အသုံးပြုပြီး ယူကရိန်း စစ်သား တစ်ယောက်ကို ခေါင်းဖြတ်ခဲ့တာကို ရည်ရွယ်ချက်ရှိရှိ ပြသထားပါတယ်။ ဗီဒီယိုထဲက အသံတွေအရ ကြမ်းကြုတ်လှတဲ့ မှုခင်းကြီး စတင်ချိန်မှာ ယူကရိန်း စစ်သားဟာ အသက်ရှင်နေဆဲဆိုတာ သိသာစေခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ဒီဗီဒီယိုတွေဟာ ရက်စက်မှုတွေကို ပြသပြီး အကြောက်တရား ဖြန့်ဖို့ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတာလို့ ပြောကြားခဲ့ပြီး တစ်ကမ္ဘာလုံးက မျက်ကွယ် ပြုမထားသင့်တဲ့ လူမဆန်မှုလို့ ဝေဖန်ခဲ့ပါတယ်။ လူ့တိရစ္ဆာန်တွေက ဒီလို စက်ဆုပ်စရာ သတ်ဖြတ်မှုမျိုးကို ဘယ်လောက် လွယ်လွယ်ကူကူ ကျူးလွန်ရဲသလဲ ဆိုတာကို မြင်သာစေကြောင်း သူက ဆိုပါတယ်။

ဘာကိုမှ မေ့ပစ်လို့ရမှာ မဟုတ်သလို ဒီလုပ်ရပ်မျိုးကို ဘယ်အကြောင်းနဲ့မှလည်း ခွင့်မလွှတ်ကြောင်း၊ ကျူးလွန်သူ တစ်ဦးချင်းစီအတွက် ဥပဒေအရ တုံ့ပြန်မှုတွေ ရှိဖို့လိုကြောင်း၊ အကြမ်းဖက်မှုတွေ ဖြိုခွင်းဖို့ အားလုံးမှာ တာဝန်ရှိကြောင်း သူက ဆက်ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့အစည်းထက်တောင် ဆိုးရွားပေမယ့် အဲဒီလို နိုင်ငံမျိုးဟာ အခုအခါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အခန့်သား ဝင်ထိုင်နေကြောင်း Twitterမှာ ရေးသားထားပါတယ်။

ရုရှား အစိုးရ ရုံးစိုက်ရ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဗီဒီယိုပါ အကြောင်းအရာတွေဟာ အော့နှလုံးနာစရာ ဖြစ်နေကြောင်း ဝန်ခံခဲ့ပေမယ့် ကျူးလွန်သူဟာ ရုရှားစစ်သားတွေ ဖြစ်တယ်လို့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။ အရင်ဆုံး လုပ်ရမှာက ဒီလို ကြမ်းကြုတ် ရက်စက်မှုမျိုးကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲဆိုတာ အဖြေထုတ်ရမှာဖြစ်ကြောင်း၊ ဖြစ်ရပ်က ဆိုးရွားလွန်းတဲ့အတွက် အမှားအမှန် ခွဲခြားမှုတွေ ပိုမို လိုအပ်ကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

စစ်ရေးလေ့လာမှု ဦးစီးဌာန (ISW)က ရုရှားရဲ့ Wagner ကြေးစားတပ်တွေဟာ စစ်မြေပြင်မှာ စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေပြီး ဘက်ခ်မတ် မြို့နားမှာ ယူကရိန်း စစ်သားတွေကို ခေါင်းဖြတ်တာမျိုးတွေလည်း ပါဝင်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး စစ်ပွဲ အစပိုင်းက Wagner တပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်ခဲ့တဲ့ ပိုပက်စ်နာ မြို့မှာလည်း အလားတူ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့သေးတယ်လို့ ISWက ဆိုပါတယ်။

တစ်ဖက်မှာလည်း ရုရှားလိုလားတဲ့ လူမှုကွန်ရက် အကောင့်တွေက ဒီဖြစ်စဉ်တွေကို ယူကရိန်း စစ်သားတွေက ကျူးလွန်ပြီး ရုရှားကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချတာလို့ တန်ပြန် စွပ်စွဲနေပါတယ်။ ယူကရိန်း အစိုးရကတော့ ဒီဗီဒီယိုတွေကို ဖြန့်ဝေခဲ့တာဟာ ရုရှားရဲ့ စိတ်ဓာတ်ရေးရာ စစ်ဆင်မှုနဲ့ အကြောက်တရား ဖြန့်ဝေဖို့ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပါတယ်။