Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။ ကလေးငယ်များအပါအဝင် အပြစ်မဲ့ ရွာသူ၊ရွာသား ၁၀၀ ကျော် အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရတဲ့ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကောင်စီက ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်တယ် ဖော်ပြပါတယ်။ ပြည်သူလူထုများကို မတရားအနိုင်ကျင့် ခြိမ်းခြောက်ရက်စက်မှု နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့်မှု၊ ခြိမ်းခြောက် အနိုင်ကျင့်မှု စနစ်ဆိုးမှ လွတ်မြောက်လာနိုင်မယ်လို့ ယုံကြည်ကြောင်း KIOက ထုတ်ပြန်ပါတယ်။

▪️မင်းတပ်မြို့ခံများ ပုန်းခိုကျင်းအမြန်တူးထားကြဖို့ CDF သတိပေး

ချင်ပြည်နယ် မင်းတပ်မြို့ခံများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကို ကာကွယ်နိုင်ရေး ပုန်းခိုကျင်းများ သတ်မှတ်စံနှုန်းအတိုင်းအမြန်ဆုံး တူးထားဖို့ CDF – Mindatက သတိပေးထုတ်ပြန်ပါတယ်။ သတိပေးထုတ်ပြန်ချက်များကို မလိုက်နာသူများအား အရေးယူသွားမယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်းသို့ လက်နက်ကြီး(ဟောင်ဝစ်ဇာအမြောက်)များနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိဆက်တိုက် ပြုလုပ်နေပြီး CDF နဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၇ ရက်နဲ့ ဧပြီ ၁၀ ရက်က တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးခဲ့ပါတယ်။

(ကရင်နီပြည်နယ် တစ်နေရာတွင် ဗုံးခိုကျင်း တူး​ထားသည်ကို တွေရစဥ်။ ဓာတ်ပုံ - CJ)
(ကရင်နီပြည်နယ် တစ်နေရာတွင် ဗုံးခိုကျင်း တူး​ထားသည်ကို တွေရစဥ်။ ဓာတ်ပုံ – CJ)

▪️လွိုင်ကော်ရှိ စစ်ကောင်စီ ပြည်နယ်အစိုးရ မဏ္ဍပ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရ သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရကာ ထိခိုက်ဒဏ်ရာရသူများရှိပြီး ဒဏ်ရာရသူများမှာ စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ပါဝင်တယ်လို့ ကရင်နီသတင်းရင်းမြစ်က ပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာန KNIC က စစ်ကောင်စီပြည်နယ်အစိုးရ မဏ္ဍပ် ဒရုန်းနဲ့ ဗုံးကြဲခံရမှုကို ဖော်ပြရာ ဒဏ်ရာရသူများမှာ ရာထူးကြီးသူများ ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ နောက်ဆက်တွဲ သတင်းကို ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

▪️ရေတာရှည်မှာ KNLA/PDFပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က တော်လှန်ရေးအင်အားစုများ နေရာယူထားတဲ့ နေရာသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမှာ ၇ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ကူပေးခြင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

▪️နွားထိုးကြီး လဝကရုံးအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)အနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေဆုံးတယ်လို့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း Natogyi People Defence Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက နွားထိုးကြီးမြို့ လဝကရုံးအနီးမှာ တပ်စွဲထားတဲ့ စစ်သားများကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများကို ကားနဲ့ တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အလားတူ နွားထိုးကြီးမြို့ဘက်မှ မြင်းခြံမြို့သို့မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ အိမ်စီးကား သုံးစီးကို ကုန်းသာကျေးရွာအနီး NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)

▪️ဆားလင်းကြီးနယ် ထန်းတောရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး ရွာသားတစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ထန်းတောကျေးရွာကို ဒီနေ့သင်္ကြန်အကြတ်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး ဒေသခံလူငယ် အမျိုးသားတစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ထန်းတောရွာအနီးရှိ ညောင်ပင်ကြီးစခန်းမှ စစ်ကောင်စီတပ်သားများဟာ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ထန်းတောရွာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တာလိို့ ဆိုပါတယ်။ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သားများဟာ ဧပြီ ၁၂ ရက်ကလည်း ညောင်ပင်ကြီးစခန်းသို့ ရောက်ရှိလာပြီး လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထန်းတောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - CJ
ထန်းတောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – CJ

▪️ရွှေကူနယ်မှာ စစ်ကောင်စီတပ် နေအိမ် တစ်ထောင်ခန့်ကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူလူထုနေအိမ် တစ်ထောင်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၈၈) လက်အောက်ခံတပ်များက ရွှေကူမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးအပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ခြေစာရင်းနဲ့ မီးလောင်ပျက်စီးခဲ့တဲ့ ပြည်သူလူထုနေအိမ် များ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၁၀ ရက်ကတည်းက ဆုတ်ခွာသွားပြီး ဒီနေ့မှ သတင်းထုတ်ပြန်ခြင်းမှာ မီးလောင်ပျက် စီးမှု အတည်ပြုစစ်ဆေးခြင်း၊ ကွင်းဆင်းနယ်မြေရှင်းလင်းခြင်း၊ မိုင်းရှင်းခြင်းများ လုပ်ဆောင်နေရလို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။