Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဟားခါးလာတဲ့ စစ်ကောင်စီယာဉ်တန်းပါ ယာဉ်များအားလုံးကို ဖျက်ဆီးနိုင်ဟု CNA ပြော

ချင်းပြည်နယ် ဟားခါးသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာ လာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်ပြီး ကျန်နေတဲ့ ယာဉ်များကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ ရက်က ထွက်ခွာလာတဲ့ တင့်ကားနှစ်စီးပါ ယာဉ် ၃၀ ခန့်ကို လမ်းတလျှောက်မှာ ချင်းဒေသကာကွယ်ရေးတပ်(CDF)နဲ့ CNA တပ်များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်လာပေမယ့် ချင်းရဲဘော်များ အထိအခိုက်မရှိဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။

(စစ်​ကောင်စီတပ်ယာဥ်တန်းမှ လက်နက်ခဲယမ်းများသယ်လာသည့်ကားဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး မီး​လောင်​ပေါက်ကွဲ​နေသည်ကိုအ​ဝေးမှ မြင်ရစဥ်နှင့် ဧပြီ ၁၁ ရက်ကသိမ်းဆည်းရရှိ​သောကားများ ။ဓါတ်ပုံ-The Chin Post၊CJ)
(စစ်​ကောင်စီတပ်ယာဥ်တန်းမှ လက်နက်ခဲယမ်းများသယ်လာသည့်ကားဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး မီး​လောင်​ပေါက်ကွဲ​နေသည်ကိုအ​ဝေးမှ မြင်ရစဥ်နှင့် ဧပြီ ၁၁ ရက်ကသိမ်းဆည်းရရှိ​သောကားများ ။ဓါတ်ပုံ-The Chin Post၊CJ)

▪️လားရှိူးသင်္ကြန်မဏ္ဍပ် ဗုံးကွဲ လူ​လေးဦး​သေ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားဝင်းအနီး သင်္ကြန် မဏ္ဍပ်မှာ ဒီနေ့ မနက်ပိိုင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေးဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ရန်တိုင်းအောင်ဘုရားဟာ လားရှိုးမြို့အဝင်မှာ တည်ရှိပြီး ဗုံးပေါက်ကွဲတဲ့အသံဟာ အလွန်ကျယ်လောင်ပြီး အနီးပတ်ဝန်းကျင်ရှိ ကားနဲ့ ဆိုင်ကယ်အချို့လည်း မီးလောင်နေတယ်လို့ သိရပါတယ်။ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)
(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)

▪️စစ်သားနှစ်ဦး MNDAA ထံအလင်းဝင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှေတန်းသို့​စေလွှတ်ခြင်းခံရ​တဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် (MNDAA)ထံ သေနတ်နှစ်လက်နဲ့အတူလက်နက်ချအလင်းဝင်လာတယ်လို့ သိရပါတယ်။ စစ်​ကောင်စီတပ်ရဲ့ စကခ ၁၂ လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခု စစ်သားနှစ်ဦးဟာ လက်နက်၊ ခဲယမ်းများနဲ့ အတူလက်နက်ချအလင်းဝင်လာကြောင်းကို MNDAA သတင်းပြန်ကြားရေးဌာန The Kokang က ဒီနေ့ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ချ အလင်းဝင်​တဲ့ရက်ကိုမူ ​​ဖော်ပြခြင်းမရှိပါဘူး။

(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

▪️စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံဥက္ကဋ္ဌ ပြင်းထန်စွာရှုတ်ချ

အရပ်သားတွေ သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီရှားက ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။ ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံမှုအပြီး ၂ ရက်အကြာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားက အာဆီယံအနေနဲ့ မကြာသေးမီက မြန်မာနိုင်ငံမှ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လာတာပါ။ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ အထူးသဖြင့် အရပ်သားတွေအပေါ် အင်အားအသုံးပြုနေတာတွေ ရပ်တန့်ဖို့ ဒီနေ့ကြေညာချက်မှာ ဖော်ပြပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)
(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)

▪️စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကြေညာချက်ထုတ် ရှုတ်ချရုံနဲ့ ဟန့်တားနိုင်မှာမဟုတ်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုများအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ဆက်လက်ထုတ်ပြန်နေရုံဖြင့် ဟန့်တားနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က သတိပေးထုတ်ပြန်ပါတယ်။ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်သေနတ်နဲ့ ပစ်ခတ်ခြင်း ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးများအပါအဝင် ပြည်သူ ၁၁၆ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့မှုနဲဲ့ပတ်သက်လိို့ PNFCက အခုလို ထုတ်ပြန်လာတာပါ။ မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးကြီးဦးစားပေး ကိစ္စရပ်တစ်ခုအဖြစ် အကြမ်းဖက်စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တားဆီးနိုင်ရေးနဲ့ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာ ဘုံစုစည်းမှုတစ်ရပ်ကို စုစည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ PNFC က တိုက်တွန်းပါတယ်။

▪️စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးတဲ့ဗုံးဆံအချို့ကို CDF ပြသ

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်ညပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မပေါက်ကွဲသေးတဲ့ ဗုံးဆံအချို့ ကျန်ရှိနေခဲ့ပြီး အဲဒီဗုံးဆံများရဲ့ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းကို မင်းတပ် CDFက ဒီနေ့ ဖော်ပြခဲ့ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း လူသေဆုံးမှုမရှိပေမယ့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ လေယာဉ် ဗုံးကြဲခံရတဲ့ နေရာများကို ကွင်းဆင်းရှင်းလင်းရာ မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံဆံများ၊ ထိခိုက်ပျက်စီးသွားတဲ့ ရှားပါး ရစ်မျိုးစိတ်ငှက်များကို တွေ့ရပါတယ်။

(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မပေါက်ကွဲသေးသည့်ဗုံးဆံနှင့် သေဆုံးခဲ့သည့် ရှားပါးရစ်မျိုးစိတ် ငှက်များ၏ဓာတ်ပုံများအား တွေ့ရစဉ်။ ဓာတ်ပုံ – CDF)

▪️တနင်္သာရီတိုင်းမှာ တစ်ပတ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်တို့မှာ ဧပြီဒုတိယပတ်မှစပြီး တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများတယ်လို့ သက်ဆိုင်ရာ ခရိုင် PDFတပ်ရင်းများမှ တာဝန်ရှိသူများက ပြောပါတယ်။ ထိတွေ့တိုက်ပွဲများအနက် မြိတ်ခရိုင်မှာ ဧပြီ ၇ ရက်က တစ်ကြိမ်၊ ဧပြီ ၈ ရက်မှာ တစ်ကြိမ်နဲ့ ဧပြီ ၁၀ ရက်မှာတစ်ကြိမ် အသီးသီးထိတွေ့မှုရှိခဲ့ပြီး ထားဝယ်ခရိုင်အတွင်း ဧပြီ ၉ ရက်တစ်ရက်တည်း စစ်ရေးပစ်မှတ်သုံးနေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။