Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပဇီကြီးဒေသခံများရဲ့ ဒီနေ့ရက်လည် သံဃာတော်များမကြွနိုင်လို့ ဖုန်းခေါ်ဆို အမျှဝေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူလူထု ၁၇၀ နီးပါး သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများက သေဆုံးသူများရဲ့ ရက်လည်ကို တောအတွင်း ပုန်းရှောင်ရင်းလုပ်ဆောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က ပဇီကြီးရွာကို ဧပြီ ၁၁ ရက်မှာ လေကြောင်းမှ တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ ရက်လည်နေ့မှာ ဘုန်းကြီးကို ဖုန်းနဲ့ခေါ်ပြီး အမျှအတန်း ပေးဝေကာ တောထဲမှာ ရှိတဲ့သူတွေက ဖုန်းကို စပီကာဖွင့်ပြီး ရေစက်ချခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

(ပဇီကြီးရွာကိုစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး နောက်အပျက်အစီးများကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ပဇီကြီးရွာကိုစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး နောက်အပျက်အစီးများကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️မူဆယ်မြို့မရဲစခန်းတိုက်ခိုက်ခံရ

ရှမ်းပြည်နယ် မူဆယ်မြို့မရဲစခန်းကို လက်နက်ကိုင်အဖွဲ့အချို့က မနေ့ ညပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြို့‌ပေါ်ရပ်ကွက်လမ်းများမှာ ဆဲဆိုကြိမ်းမောင်းပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကို KIA၊ TNLA၊ MNDAA တို့ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လာရောက်တိုက်ခိုက်ခဲ့တာလို့ မြို့ခံအချို့ကပြောပါတယ်။

▪️ကော့​သောင်းမှာ ပျူခေါင်းဆောင်နှစ်ဦးကို PDFများ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ခ​မောက်ကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာမှ စစ်ကောင်စီလက်​​အောက်ခံပျူ​စောထီးခေါင်းဆောင်နှစ်ဦးကို မနေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ရှင်းလင်းပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက​ပြောပါတယ်။ ပျူစောထီး​ခေါင်း​ဆောင်ကျော်ဝင်းနဲ့ ဒုခေါင်းဆောင်မြင့်အောင်တို့ကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းက ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလဲစစ်ကြောင်းကို ပျူစောထီးနဲ့ စစ်ကောင်စီတပ်များက တိုက်ခိုက်စီးနင်းရာမှာ ​ကျော်ဝင်းနဲ့ မြင့်​အောင်တို့ နှစ်ဦးက ဦးဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)
(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)

▪️ဖယ်ခုံမှာ သင်္ကြန်ရေကစားနေတဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်၊ အနည်းဆုံးငါးဦးသေဟု KNDFပြော

ကရင်နီ-ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်မှာ သင်္ကြန်အတက်နေ့က ရေကစားနေတဲ့ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အနည်းဆုံးငါးဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန် တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဆောင်ကန်းကျေးရွာမှာ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ကို အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိ ရှမ်း-ကရင်နီအစပ်ဒေသများမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်များအကြား တပ်ဆိုင်ထားလျက်ရှိပြီး နေ့စဥ်ထိတွေ့မှုရှိနေပါတယ်။

▪️ဝါဇီ(လ.န.စ)စက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ချောက်မြို့အနီးရှိ စစ်ကောင်စီရဲ့ ဝါဇီစက်ရုံ (လုံခြုံရေးနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ- လ.န.စ)ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ OAK AWE UG(Salay) မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက ဝါဇီ(လ.န.စ)စက်ရုံကို လက်နက်ကြီး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။ ငွေစက္ကူရိုက်နှိပ်တဲ့ ဝါဇီစက်ရုံပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက စက်ရုံဝန်းကျင်သို့ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

▪️BPLA (၂) နှစ်ပြည့်အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NUG တို့ ဂုဏ်ပြုသဝဏ်လွှာများပေးပို့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့ကျရောက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသနဲ့ နိုင်ငံရေးမှူးရုံးတို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ BPLA ဟာ (၂)နှစ်အတွင်း စစ်ဒေသနှစ်ခုသတ်မှတ်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်လက်တွဲကာ စစ်ကောင်စီကို တိုက်ထုတ်နေတယ်လို့ ကွပ်ကွဲရေးမှူး မောင်ဆောင်းခက ပြောပါတယ်။ လက်ရှိမှာ အပတ်စဥ်(၅)မကြာခင်ပြီးတော့မှာဖြစ်သလို အခြားသော အဆင့်မြင့်သင်တန်းများလည်း ပြုလုပ်နေကြောင်းနဲ့ BPLA ရဲ့စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ ဗမာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စနစ်တကျပူးတွဲပြီး အဲ့ဒီဘက်မှာတိုက်ပွဲဖော်ဆောင်နိုင်ဖို့ကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ သူက ရှင်းပြပါတယ်။

(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ - မာနော်)
(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏၂ နှစ်ပြည့်တပ်တော်နေ့အခမ်းအနားပြုလုပ်​နေစဥ်။ဓာတ်ပုံ – မာနော်)

▪️မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ Youth Revolution Attack Force (YRAF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပြည်သူများအား ခြိမ်းခြောက်စစ်ဆေး ငွေတောင်းခံနေတဲ့ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်သားနဲ့ရဲများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ မနေ့ မနက်ပိုင်းကပဲ မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာရှိ အင်အား ၈၀ ကျော်ရှိ​တဲ့ စစ်ကောင်စီတပ်ကို (၈၀)မမ နဲ့ ရှစ်ကြိမ်၊ (၆၀)မမနဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်တယ်လို့ DK PDF-MMU တာဝန်ခံက ပြောပါတယ်။