Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားထိခိုက်မှုနည်းရေး ပိုမိုလုပ်ဆောင်ရန်၊ အရပ်သားထိခိုက်မှုများ နိုင်ငံတကာသို့ အသိပေးရန် NUG ခေါင်းဆောင်များပြော

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သွေးရူးသွေးတန်းဖြစ်နေသည် စစ်ကောင်စီသည် ၎င်းတို့ အားကိုးရာ လေကြောင်းကတဆင့် အပြစ်မဲ့ ပြည်သူများကို အငြိုးကြီးစွာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထပ်မံမကျူးလွန်ဟူ၍လည်း မည်သူမျှ မပြောနိုင်ကြောင်း ပြောသည်။

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အရပ်သားများကို ပစ်မှတ်ထားသည့် ရက်စက်မှုများကို စစ်ကောင်စီတပ်က ပိုမိုလုပ်ဆောင်လာ၍ အရပ်သားထိခိုက်မှု နည်းနိုင်သမျှ နည်းရေးဆောင် ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက် ခံရမှု စိတ်မကောင်းစရာ ဖြစ်ခဲ့ကြောင်း တစ်ဖက် တွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် မြေပြင်တိုက်ပွဲများ၌ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေကြောင်း ထို့ကြောင့် လူထုနှင့် တော်လှန်ရေးအင်အားစုများ စိတ်အားမလျှော့ကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

“အကြမ်းဖက် စစ်တပ်ရုံးစိုက်ရာ နေပြည်တော်လို နေရာမှာတောင် တော်လှန်ရေး အင်အားစုတွေက ခြိမ်း ခြောက်နိုင်ခဲ့တာ၊ စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီးနေရာတွေကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေလည်း နေ့စဉ်နဲ့ အမျှ ရှိနေတာကြောင့် မြန်မာ့ နှစ်သစ်ကူးမှာ စိတ်ဓာတ် ပျက်ပြားပြီး သွေးလန့်ခြောက်ခြား နေရမယ့်သူဟာ ပြည်သူ့ ရန်သူ စစ်အုပ်စုပဲ ဖြစ်ပါတယ်။နောက်တခုကတော့ ကျနော်တို့နိင်ငံရဲ့ပြဿနာဟာ နိုင်ငံနှစ်ခုကြားဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ မဟုတ်တဲ့အတွက် နိုင်ငံတကာက အာရုံစိုက်ပြီးကူညီဖို့ ဆိုတာဟာ အရပ်သားတွေ ဘယ်လောက်အထိ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်ဆိုတာကို သိအောင်ချပြနိုင်ဖို့လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နေရာအသီးသီးမှ နေ့စဉ် တွန်းလှန်မှုများကြောင့် စစ်ခေါင်းဆောင်သည် ၎င်း၏ နောက်လက်များနှင့်အတူ ကြောက်ကန်ကန်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် ရက်စက်မှုများ တနေ့တခြား ပိုလုပ်ဆောင်နေသည်ကို သတိကြီးစွာထားပြီး ကာကွယ်ရမည်ဟုဆိုသည်။

“ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံအတွင်းငြိမ်းချမ်းနေသယောင်နှင့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို အတင်းအကျပ်ဖြင့် ဖန်တီးလုပ်ယူခဲ့ကြောင်း ၊ ထို့ပြင် စစ်ကောင်စီ နောက်မြှီးဆွဲအဖွဲ့အစည်းတချို့နှင့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ဖန်တီးယူရန် ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပြီး မတရားတဲ့ ရွေးကောက်ပွဲတခုကို ဖန်တီးနေကြောင်း ၎င်းက ဆိုသည်။

“အတုဟာ အတုပါပဲ။ မတရားမှုနဲ့ အဓမ္မလုပ်တာဟာလည်း မတရားမှုပါပဲ။ ဒီမတရားမှုတွေကြောင့်ပဲ အရပ်သားပြည်သူ တွေဟာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ ချစ်လှစွာသော သား သမီး၊ ခင်ပွန်း၊ ဇနီး နဲ့ ညီအကို မောင်နှမတွေကို ဆုံးရှုံးနေရတာပါ”ဟု ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သွေးရူးသွေးတန်းဖြစ်နေသည် စစ်ကောင်စီသည် ၎င်းတို့ အားကိုးရာ လေကြောင်းကတဆင့် အပြစ်မဲ့ ပြည်သူများကို အငြိုးကြီးစွာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထပ်မံမကျူးလွန်ဟူ၍လည်း မည်သူမျှ မပြောနိုင်ကြောင်း ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီလို ပြည်သူတွေ ထပ်မံ မဆုံးရှုံးရအောင် စီမံနိုင်သမျှ နည်းလမ်းတွေနဲ့ စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားပြီး ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်သော တာဝန်ရှိသူများကို လုံခြုံရေးအသိ ကာကွယ်ရေး အသိ အမြဲမပြတ်ရှိစေရေး ညွှန်ကြားရန် လိုအပ်သည်ဟု ပြောကြားသည်။

“စစ်ကောင်စီဟာ သူတို့အနေနဲ့ စစ်ရာဇဝတ်မှုတွေကနေ ထွက်ပေါက်မရှိမယ့် အတူတူ ဒီလိုဆိုးရွားတဲ့ ဖြစ်စဉ်တွေကို ဆက်တိုက် ဖန်တီးပြီး ပြည်သူတွေ တော်လှန်ရေးအပေါ် စိတ်ကုန် လာအောင် ဆောင်ရွက်နေပုံရပါတယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ လုပ်နိုင်တာထက် ပိုလုပ်ဆောင်ကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်” ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။